လရောင်မလိုသော ပိုးစုန်းကြူးလေးများ

လာဇရု ရေးသည်…..

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်။

မနက်ဖြန် ခရီးသွားရမှာမို့ စောစောအိပ်ရာ ဝင်ခဲ့၍ မနက် ၅ နာရီလောက် ဖိုးခွား တစ်ယောက် အိပ်ရာနိုးနေခဲ့ သည်။ မနက်စောစော သံလွင်လှေဆိပ်ကို သွားရမည်ဖြစ်၍ မျက်နှာသစ် မနက်စာ စားရန်အတွက်ဆင်းလာတော့ အမေက မနက်စာအဆင်သင့် ပြင်ဆင်ပြီးနေပြီ ဖြစ်သည်။

ဖိုးခွားသည် အာဏာမသိမ်းခင် COVID ကာလ ၂၀၁၉ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သူ တစ်ဦးဖြစ် သည်။ COVID ပြီးနောက် နိုင်ငံရေး အရှုပ်အယှက်များကြား နွေဦးတော်လှန်ရေး သပိတ်လှုပ်ရှားမှု၌ ပါဝင်ခဲ့သည့် တက်ကြွ လူငယ်တစ်ဦးဖြစ်သည်။

ရည်မှန်းချက် ရှိသည့်အလျှောက် ၁၀ တန်းအောင်ပြီးပါက ပြည်တွင်း၌ တက္ကသိုလ် တက်ရန်ဆုံးဖြတ် ထားခဲ့သော်လည်း မျှော်လင့်မထားသော အခြေအနေကြောင့် ဆုံးဖြတ်ချက် ပြောင်းခဲ့ရသည်။

“ကျနော် ကျောင်းမတက်တော့ဘူးလို့ ဆုံးဖြတ်ထားတာ။ ဒါပေမယ့် ပြန်စဥ်းစားတော့လည်း ဘဝက ဒီအတိုင်းမှ ရပ်မနေပဲ ကြီးလာမှာလေ။ တစ်ခု ခု တတ်ထားမှပဲ ဝင်ငွေရတဲ့ အလုပ်တစ်ခုခု ကျနော်ရမှာပေါ့” ဟု ဖိုးခွား က ပြောသည်။

မိသားစုဝင်များ၏ စီစဥ်ပေးမှုဖြင့် မယ်လ ဒုက္ခသည်စခန်း (Mae La refugee camp) တွင်ရှိသော ရှလုံ ဝိဇ္ဇာနှင့် ခေါင်းဆောင်မှု ကောလိပ် (Shalom Arts and Leadership College) တွင် ကျောင်းတက်ရန် ဆုံးဖြတ်ခဲ့သည်။

ယနေ့ လက်ရှိမိမိနေရပ်မှ ကျောင်းရှိရာသို့ ပြန်သွားရမည့် ရက်ဖြစ်သည်။ အခြေအနေဆိုးတွင် မိသားစုနှင့် ခွဲခွာ နေခြင်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ PDF/ ကရင်နီ အမျိုးသားများ ကာကွယ်ရေး တပ်ဖွဲ့ (KNDF) များထဲတွင် ယုံကြည်ရာအတိုင်း လျှောက်နေသော ဘဝတူ CDM သူငယ်ချင်းများ အပေါ် အားနာခြင်းစသည့် ခံစားချက်များ ဖြစ်ပေါ်သော်လည်း ဖြစ်သင့်လုပ်သင့်သည့် အရာကိုသာ ကြိတ်မှိတ် ကြိုးစားရမည်ဟု ဆုံးဖြတ်ထားခဲ့ကြောင်း သူက ပြောသည်။

ယခု အာဏာသိမ်းကာလအတွင်း၌ ပညာသင်ကြားခွင့် ဆုံးရှုံးနေသော ကရင်နီ ကျောင်းသားလူငယ်များ သောင်း ဂဏန်းကျော် ရှိနေပါသည်။ အခက်အခဲ ပိတ်ပင်မှုများစွာ ရှိနေသည့်ကြားက ဖောက်ထွက်ကာ ကြိုးစားနေသော လူငယ်များလည်း များစွာ ရှိနေပါသည်။ ထိုအထဲတွင် ဖိုးခွားလည်း တစ်ယောက် အပါအဝင် ဖြစ်သည်။

“လူငယ်သဘာဝအရ စိတ်ဓာတ်ကျတာ အဆင်မပြေတာတွေ ရှိတာပေါ့။ အဲ့လိုဖြစ်လာရင် ကျနော်တော့ သီချင်း နားထောင်တယ်။ အိပ်လိုက်တယ်။ တစ်ယောက်တည်း အေးဆေးနေဖြစ်တယ်” ဟု ဖိုးခွားက ပြောသည်။

သူငယ်ချင်းများကို အခြေအနေပေါ်တွင် ပုံချ၍ ငါတော့ ဘာမှ ဖြစ်မလာနိုင်တော့ပါဘူး ဟူသည့် စိတ်ခံစား ချက်မျိုး မထားစေချင်ကြောင်း သူကပြောသည်။ အခွင့်အရေးရလာပါက ပိုင်နိုင်စွာ အသုံးချသင့်ကြောင်းလည်း ဆက်၍ အကြံပြုထားသည်။

အာဏာသိမ်းကာလအတွင်း ကရင်နီပြည်နယ်တွင်ရှိသော စစ်ကောင်စီ လက်အောက်ခံ ကျောင်းများမှာ ၈၀ ရာ ခိုင်နှုန်းကျော်ခန့်က လုံးဝ ပြန်လည် ဖွင့်လှစ်နိုင်ခြင်း မရှိတော့ပေ။ ယခုလက်ရှိကာလ၌ လွိုင်ကော်မြို့တွင်း၌ အထက်တန်းနှင့် မူလတန်းကျောင်း အနည်းငယ်ခန့်သာလျှင် ဖွင့်လှစ် ထားပါသည်။

ထိုကျောင်းများတွင် တက်ရောက်နေသော ကျောင်းသူကျောင်းသားများသည် စိုးရိမ်းစိတ် အပြည့်ဖြင့်သာ တက် ရောက်နေရပြီး စိတ်လုံခြုံမှုကို မခံစားရပေ။

ကရင်နီပြည်နယ်ရှိ မြို့နယ် ၇ မြို့နယ်တွင် လွိုင်ကော်မြို့တစ်မြို့မှ လွဲ၍ ကျန် ၆ မြို့နယ်မှာ စစ်မြေပြင်အတွင်း၌ ကျရောက်နေပြီဖြစ်သည်။

၂၀၁၆ ခုနှစ်က ကောက်ယူထားသည့် စစ်တမ်းအရ ကယား (ကရင်နီ) ပြည်နယ်တွင် လူဦးရေ ၃ သိန်းခန့်သာရှိပြီး ထက်ဝက်ခန့်မှာ လူငယ်များဖြစ်ကြသည်။ ထိုလူငယ်၏ ၈၀ ရာခိုင်နှုန်းမှာ ကျောင်းသားလူငယ်များဖြစ် ကြသည်။

ယခု စစ်တပ်က အာဏာသိမ်းပြီးနောက် အဆိုပါ လူငယ်များ၏ ၅၀ ရာခိုင်နှုန်းနီးပါးက ပညာသင်ကြားခွင့် ဆုံးရှုံး နေကြရဟု ကရင်နီအရပ်ဖက် အဖွဲ့အစည်းများ၏ စာရင်းများအရ သိရသည်။ ဆိုလိုသည်မှာ ထောင်နှင့်ချီသော ကျောင်းသားလူငယ်များ ကျောင်းတက်ခွင့် ဆုံးရှုံးနေကြသည်။ အချို့သော စစ်ရှောင် စခန်းအများစုတွင် ကိုယ်ထူ ကိုယ်ထကျောင်းများ ဖွင့်လှစ်ထားသော်လည်း အခက်အခဲများစွာနှင့် ကြုံတွေ့နေရသည်။

“အမေ မဆုံးခင်ကတည်းက နယ်စပ်မှာ လာနေပြီး ကျောင်းတက်ဖို့ အဒေါ်က သမီးကိုခေါ်တယ်။ အဲ့တုန်းက တော့ သွားဖို့ စိတ်ကူးမရှိခဲ့ဘူး နိုင်ငံရေးကလည်း တည်ငြိမ်သေးတယ်လေ” ဟု မိခင် ဆုံးပါးပြီး ၂၀၁၈ ခုနှစ် နောက်ပိုင်း ထိုင်း-ကရင်နီနယ်စပ်သို့ ထွက်လာသော မော်ကိုမယ် က ပြောသည်။

သူမသည် ကရင်နီ ဒုက္ခသည်စခန်းတွင် အထက်တန်းထိ ပြီးမြောက်အောင် သင်ယူခဲ့ပြီး ယခုလက်ရှိ၌ ကရင်နီ ပြည် ပညာရေးကဏ္ဍတွင် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ပါဝင်လှုပ်ရှားနေသူတစ်ဦးလည်း ဖြစ်ပါသည်။

သူမသည် မြန်မာပြည်တွင် နေခဲ့စဥ်က ဒဿမတန်းတွင် ပညာသင်ယူနေခဲ့ပြီး ဉာဏ်ရည်ထက်မြက်ကာ ဆရာ/ဆရာမများ၏ အားကိုးစိတ်ချရသည့် ကျောင်းသူတစ်ဦးလည်း ဖြစ်ခဲ့သည်။ သို့သော် ကံအကြောင်းမလှ၍ မိခင်ဆုံးပါးခဲ့ရာမှ မိသားစု အခက်အခဲကြောင့် ကြီးမားသော စိန်ခေါ်မှုတစ်ခုအတွက် ခက်ခက်ခဲခဲ သူမဆုံးဖြတ်ချက်ချခဲ့ရသည်။

“မို့မို့ဆုံးသွားတော့ ပါးပါးနဲ့ဆက်နေဖို့ကလည်း မလွယ်ဘူးလေ။ သူ့မှာလည်း အခက်ခဲတွေနဲ့။ ဒါကြောင့် ဒီနယ် စပ်ကိုလာ ဖြစ်ခဲ့တယ်။”

ထိုစဥ်က သူမအနေနှင့် ခက်ခဲစွာ ဆုံးဖြတ်ခဲ့ရသည်။ မသွားပဲ ဆက်နေပါက နယ်စပ်၌ ရှိနေသည့် မောင်လေး ညီမလေးတို့နှင့်လည်း မတွေ့နိုင်။ ရွာ၌ ဆက်နေပါကလည်း အခက်အခဲများစွာ ကြုံတွေ့နေရသည်။ သူမ၏ ဖခင်အတွက်လည်း ဝန်ထုပ်ဝန်ပိုးများစွာ ဖြစ်စေမည်။

ထိုအချိန်၌ မောင်လေးနှင့် ညီမလေးသည် မိခင်ကျန်းမာရေး မိသားစုအခက်အခဲကြောင့် နယ်စပ်ရှိ သူမ၏ အဒေါ် ထံသို့ ရောက်နှင့်နေပြီး ဖြစ်သည်။ ဖခင်ဖြစ်သူကလည်း “သမီး အဒေါ်နားသွားနေလိုက် အဆင်ပြေတဲ့အခါ အဖေ လိုက်လာခဲ့မယ်” ဟု ပြော၍သာ သူမ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

မော်ကိုမယ် “ဒီကို ရောက်တော့ သမီး ဟိုစဲ့ကိုအရမ်းပြန်ချင်တယ် မြန်မာပြည်မှာ ကျန်ခဲ့ပြီး ကျောင်းဆက် တက်နေတဲ့ သူငယ်ချင်းတွေနဲ့ စကားပြောဖြစ်တိုင်း ငါတော့ သူတို့လို ဘွဲ့မရနိုင်တော့ဘူးလို့ တွေးပြီး အမြဲဝမ်း နည်းမိတယ်” က ပြောသည်။

သို့သော်လူငယ်ပီပီ အရှုံးမပေးလိုသည့် စိတ်ဓာတ်ဖြင့် ရသမျှ အခွင့်အရေးကို အသုံးချကာ မိမိပညာရေး လမ်းမဆုံးရလေအောင် ကြိုးစားခဲ့သည်။

သူမ၏ ပညာရေးအတွက် ကရင်နီ အထက်တန်းကျောင်း (Karenni High School)၊ ကရင်နီ အမျိုးသား ကောလိပ် (Karenni National College)၊ ဒီးကူ ပညာရေး စင်တာ (Deeku Education Center) တို့တွင် ဆက်လက် ဆည်းပူး သင်ယူခဲ့သည်။

သူမ နယ်စပ်သို့ ရောက်ရှိပြီး မကြာခင်တွင် COVID ကပ်ရောဂါ ဖြစ်ပွားခဲ့သည်။ ထို့နောက် အာဏာသိမ်းမှု ဖြစ် ပွားခဲ့သဖြင့် နယ်စပ်သို့ လာရောက်ရန် ဆုံးဖြတ်ချက်မှာ မှန်ကန်သည်ဟု ခံစားမိလာသည်။

သို့သော် မြန်မာပြည်၌ ပညာရေး တစ်ပိုင်းတစ်စဖြင့် ကျန်ရစ်ခဲ့သော သူငယ်ချင်းများအတွက် တွေးမိကာ အမြဲ စိတ်မကောင်း ဖြစ်နေခဲ့ရကြောင်း သူမပြောသည်။ ခက်ခဲနေသော်လည်း Internet ရသည့်နေရာတွင် Facebook နီင့် You tube များကို အကျိုးရှိစွာ အသုံးချရင်း မိမိဝါသနာပါရာကို လေ့လာသင့်ကြောင်း သူမက ဆက် ပြော သည်။

“ဒီအခြေအနေ ဆိုးကြီးထဲမှာ ငါတို့ ဘာလုပ်လို့ရမှာလဲ ဆိုပြီး မနေစေချင်ဘူး။ အတတ်နိုင်ဆုံး positive energy ထွက်စေတဲ့ ပတ်ဝန်းကျင်ကို ရှာပြီး ကိုယ့်အတွက် တက်လမ်းကို ရှာစေချင်တယ်။ တစ်နေ့တော့ သမီးတို့ အဆင် ပြေတဲ့ ဘဝကိုရမှာပါ” ဟု မျော်လင့်ချက်အပြည့် အားမာန်အပြည့်ဖြင့် သူမပြောသည်။

ငွေကြေးမတတ်နိုင်သော လူငယ်များသည် လူမှုအကျိုးပြု သင်တန်းများ တက်ရောက်ကာ ပြင်ပ အလုပ် ရရန် အတွက် ကြိုးစားနေသူများလည်း ရှိသည်။

“ကျနော်အခု စစ်ရှောင်လူငယ်စင်တာမှာ ဖွင့်ထားတဲ့ ကွန်ပြူတာ ၃ လ သင်တန်းကို တက်နေတယ်။ ဒါပြီးရင် အပြင် အလုပ်တစ်ခုခု ရှာလုပ်မယ်။ စကစ ကျောင်းတော့ တက်ဖို့အာရုံမလာတော့ဘူး။ ကျောင်းတက်နေတဲ့ သူငယ်ချင်းတွေကိုတော့ အားကျပါတယ်။ ဒါပေမယ့် များသောအားဖြင့်က အပျော်နဲ့ မိဘအတင်းတိုက်တွန်းလို့ တက်ကြတယ် ပိုက်ဆံရှိလို့ တက်ကြတယ်။ ကျနော်ကတော့ ပိုက်ဆံလည်း မရှိဘူး ပြန်စရာ အိမ်လည်းမရှိဘူး။ ပြန်ရဖို့လည်း မသေချာဘူး။ စိတ်ဓာတ်က မကျဘူးလာဆို ကျတယ်။ သေလိုက်လို့ မရဘူးလေ။ ရှင်သန်ဖို့ မွေး လာတာပဲ။ သည်းခံရမှာပေါ့” ဟု ကရင်နီလူငယ် ဒေါမိနစ်က နာကျည်းမှု ခံပြင်းမှု ဝမ်းနည်းမှု စသည့် ခံစားချက် များဖြင့် အံကြိတ်ကာ ပြောသည်။

ကရင်နီလူငယ် ဒေါမိနစ်က စိတ်ဓာတ်ကျချိန်တွင် ဂစ်တာတီး သီချင်းဆို စာအုပ်ဖတ်သည့်အပြင် အချို့သော အွန်လိုင်း အခမဲ့ သင်တန်းများ တက်ခြင်းကိုလည်း ပြုလုပ်နေကြောင်း ပြောသည်။

သို့သော် လိုင်းမကောင်းသည့်အတွက် အွန်လိုင်းသင်တန်းများ တက်ရောက်ရာ၌ အခက်အခဲရှိကြောင်း သူက ပြောသည်။

အလားတူ ဖိုးခွားကလည်း “ကျနော်တို့ဘဝ တိုးတက်ဖို့ဆိုရင် စာတစ်ခုပဲ လေ့လာနေလို့ မရဘူး။ ပတ်ဝန်းကျင် တွေ society (လူ့အဖွဲ့အစည်း) တွေမှာ ဘာတွေ သင်ယူလို့ရလဲ။ internet ကနေ ဘာတွေ သင်ယူလို့ရလဲဆိုတာ အမြဲလေ့လာ ရမယ်။ အောင်မြင်ဖို့ အဆင်ပြေဖို့ဆိုရင် အောင်မြင်ချင်စိတ် အဆင်ပြေချင်စိတ် အရင်မွေးဖို့လိုတယ်လို့ပဲ ကျနော်မြင်တယ်” ဟု ပြောသည်။

မည်သို့ပင်ဖြစ်စေကာမူ လူငယ်များအနေဖြင့် လက်ရှိအခြေအနေတွင် ရပ်မနေပဲ ကြိုးစားသင့်သည်။

အခက်ခဲဆိုသည်မှာ အသက်ရှင်စဥ် ကာလပတ်လုံး ကြုံတွေ့ရမည်ဖြစ်၍ လဲကျလိုက် ပြန်ထလိုက် ကြိုးစားသင့် ကြောင်း ထိုလူငယ်များက ပြောသည်။