ဖားဆောင်းမြို့နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီများ တိုက်ခိုက်ခံရပြီးနောက် ၆ ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်။

ကယား(ကရင်နီ)ပြည်၊ ဘော်လခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ ခုံးဟန့်ကျေးရွာ အနီးသို့ အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များ တိုက်ခိုက် ခံရပြီးနောက် စစ်ကြောင်းမှူး (၃ပွင့်) တစ်ဦးအပါဝင် ၆ ဦး သေဆုံးသည်ဟု ကရင်နီ တော်လှန်ရေး သတင်းအရင်းအမြစ်များက ပြောသည်။

စစ်ကောင်စီ၏ ဖားဆောင်းမြို့နယ် အခြေစိုက် တပ်မ ၅၅ လက်အောက်ခံ ခြေလျင်တပ်ရင်းများ ဖြစ်သည့် ခမရ ၁၃၄ ခမရ ၁၃၅ တပ်များကို အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်ခန့်တွင် ကရင်နီတော်လှန်ရေး အင်အားစုများက ဆီးကြို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဖားဆောင်း PDF ပြန်ကြားရေး တာဝန်ခံ တစ်ဦးက “ကျနော်တို့ မျက်မြင်ပဲ အတည်ပြုလို့ရမယ်။ ကျန်တာတော့ အတည်ပြုလို့ မရဘူး။ ရှေ့တန်းမှာ ဖြစ်နေတဲ့ ရဲဘော်တွေ မြင်တွေ့လို့ရတဲ့ ဥစ္စာပဲပေါ့နော်။ အကုန်လုံး ပြန်ဆွဲ ထုတ်သွားတယ်။ လက်နက်ကြီးတွေနဲ့ တောက်လျှောက် ပစ်တယ်ပေါ့။ ကျနော်တို့ သေနတ် ၃ လက်တော့ ရလိုက်တယ်ပေါ့။ စစ်ရေးအခြေအနေက ဘယ်လို ဖြစ်နေလဲဆိုတော့ သူတို့ဘက်က အရမ်းကြီး လှုပ်ရှားမှုတော့ မရှိပါဘူး။ ကျနော်တို့ဘက်က ပျောက်ကြားပဲ ကစားနေတာပေါ့နော်။ လုံးဝခုခံပြီး တိုက်ဖို့ကျတော့ အဓိက လက် နက် ခဲယမ်း ကျည် လုံလောက်မှုလည်း လိုအပ်နေတော့ ပျောက်ကြားပဲ ကစားရတဲ့ သဘောရှိတယ်” ဟု ပြော သည်။

တိုက်ပွဲမှာ တစ်နာရီကျော် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်၏ MA-1 တစ်လက်၊ MA-2 တစ်လက်၊ MA-3 တစ် လက် စုစုပေါင်း သေနတ် ၃ လက်နှင့် ခဲယမ်း ဆက်စပ်ပစ္စည်း များစွာကိုလည်း သိမ်းဆည်း ရမိခဲ့သည်ဟု ဆို သည်။

အဆိုပါ တိုက်ပွဲတွင် ကရင်နီတော်လှန်ရေး အင်အားစုများဘက်မှ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) လက် အောက်ခံ အလယ်ပိုင်းတိုင်း ကရင်နီစစ်ဒေသခွဲ တပ်ရင်းများဖြစ်သည့် ဘော်လခဲ PDF(၁၁၀၅)၊ ဖားဆောင်း PDF (၁၁၀၈)၊ ဒီးမော့ဆို PDF(DMO) စသည့် တပ်ရင်းများ အပြင် တိုင်းရင်းသား လက်နက်ကိုင် တပ်ရင်း (EROs) များ ဖြစ်သည့် ကရင်နီတပ်မတော် (KA)နှင့် ကရင်နီလူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး (ကလလတ) ၏ ၄၈၇၈၊ ၇၈၉၄၊ ၉၄၂၀ စသည့် တပ်ရင်းများလည်း ပူးပေါင်း တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲ ဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီး အကြိမ်ရေ ၂၀ ပစ်ခတ်ခဲ့ပြီး လေကြောင်း ၂ ကြိမ်တိတိ တိုက်ခိုက်မှုကြောင့် ကလလတ၏ တပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးခဲ့သည့်အပြင် ၂ ဦးလည်း ပြင်းထန် ဒဏ် ရာရခဲ့သေးသည်။

“ဖားဆောင်းတိုက်ပွဲက မဖြစ်တာ ကြာပြီမဟုတ်ဘူး။ တောက်လျှောက် ဖြစ်နေတာပဲပေါ့နော်။ သူတို့ စစ်ကောင်စီ စစ်ကြောင်းထိုးတာ ပန်တိုင်း အထိလည်း ရောက်ပြီး သွားပြီလေ။ ကျနော်တို့ ကာကွယ်ရေး တပ်တွေအနေနဲ့ အခက်အခဲတွေ အများကြီးကြားထဲကနေ ဆုတ်ပေးလိုက်ရတယ်။ အဲဒီအတွက် သူတို့လိုချင်တဲ့ စစ်ကြောင်း ထိုး ချင်တဲ့ နေရာအထိ ထိုးပြီးသွားပြီ။ အခုကြားနေရာတွေ သူတို့ တပ်မစွဲနိုင်တဲ့ နေရာတွေမှာ ကြားကနေ ဖြတ်ဝင် ပြီးတော့မှ ပြန်နေတဲ့ပုံစံပေါ့။ နေတာတော့ မဟုတ်ဘူးပေါ့နော်။ ပြန်ပြီး စစ်ကြောင်းထိုးတယ်။ နယ်မြေရှင်းလင်း ရေး လိုက်လုပ်တယ်။ အဲဒီမှာ သူတို့ ထိုးလာတဲ့ စစ်ကြောင်းနဲ့ တွေ့တာပါ” ဟု ဖားဆောင်း PDF ပြန်ကြားရေး တာဝန်ခံတစ်ဦးက ဆက်ပြောသည်။

လတ်တလောတွင် စစ်ကောင်စီတပ်များသည် သံလွင်တံတားထိပ်နေရာတွင် တပ်စွဲထားပြီး ဇွန်လအတွင်း တိုက် ပွဲဖြစ်ပွားခဲ့သည့် ကျောက်ပန်းညိုကျေးရွာတွင်လည်း အင်းအားအချို့ ထပ်ဖြည့်ထားသည်။

ဩဂုတ်လ ၂၁ ရက်နေ့ ဖားဆောင်းမြို့ပေါ် တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်နှင့် တိုက်ခိုက်စဉ် ဖားဆောင်း PDF ဘက်မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့သေးသည်ဟု တာဝန်ရှိသူများက ပြောသည်။

ပြီးခဲ့သည့် ဇွန်လကတည်းက ဖားဆောင်းမြို့နယ်မှ ထွက်ခွါသွားသည့် စစ်ဘေးရှောင်အချို့မှာ စားဝတ်နေရေး အခက်အခဲကြောင့် စက်တင်ဘာလလယ်မှစ၍ နေရပ်သို့ ပြန်လာကြပြီး လတ်တလော တောတောင်များ အတွင်း ၌ ခိုလှုံနေရသည့်အတွက် မိုးကာနှင့် စားနှပ်ရိက္ခာများ လိုအပ်နေသည်ဟု ကူညီဆောင်ရွက်ပေးသူများက ပြော သည်။