ရှမ်းမြောက်မှ မုံးစီး စစ်ရှောင်များ အကူအညီလိုအပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်? အောက်တိုဘာလ ၃၀ ရက်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ တာမိုးညဲမြို့နယ်ဘက်သို့ တိုက်ပွဲများကြောင့် မုံးစီးဒေသခံ ၅၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရပြီး စားဝတ်နေရေးအတွက် အကူအညီများ လိုအပ်နေသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့က ကိုးကန့်တပ်မတော် (MNDAA) နှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲကြောင့် မုံးစီးဒေသခံများသည် တာမိုးညဲမြို့နယ်အတွင်းရှိ နမ့်မော၊ နမ့်ဆာနှင့် နမ့်ဝမ်း ကျေးရွာများထဲသို့ စစ်ရှောင်လာကြခြင်း ဖြစ်သည်။
ဒေသခံ အမျိုးသမီးတစ်ဦးက “သူတို့အတွက် အရေးကြီးဆုံး လိုအပ်တာက စားသောက်ဖို့ ဆန်၊ ဆီ၊ ဆား နဲ့ အခုက အရမ်းအေးတယ်ဆိုတော့ စောင်တွေလည်း လိုအပ်တယ်“ ဟု ပြောသည်။
ထွက်ပြေးတိမ်းရှောင် လာကြသည့် စစ်ရှောင်များထဲတွင် အများစုမှာ သက်ကြီးရွယ်အို၊ ကလေးနှင့် အမျိုးသမီး များ ဖြစ်ပြီး လက်ရှိအချိန်ထိ မည်သည့် အဖွဲ့အစည်းကမှ လာရောက် ကူညီခြင်းမျိုး မရှိသေးဘူးဟု ဒေသခံများ က ပြောသည်။
အဆိုပါ မုံးစီးစစ်ရှောင်ပြည်သူ ၅၀၀ ကျော်အား တာမိုးညဲမြို့နယ်အတွင်းရှိ နမ့်မော၊ နမ့်ဆာနှင့် နမ့်ဝမ်း ကျေးရွာ များရှိ ပြည်သူများက လိုအပ်သည်များကို တတ်နိုင်သလောက် ကူညီပေးထားရသည်ဟု ဆိုကြသည်။
မုံးစီးစစ်ရှောင်ပြည်သူများသည် အောက်တိုဘာလ ၂၇ ရက်နေ့စတင်ပြီး တာမိုးညဲမြို့နယ်အတွင်းရှိ ကျေးရွာ များထဲကို စစ်ရှောင်ရောက်ရှိလာကြခြင်း ဖြစ်ပြီး ယနေ့အချိန်ထိလည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသော ကြောင့် နေရပ်ကို ပြန်၍ မရသေးဘူးဟု ဆိုကြသည်။
ရက်ကြာရှည်လာမည်ဆိုပါက စစ်ရှောင်များအတွက် စားနပ်ရိက္ခာများ ရေရှည်ကူညီပေးနိုင်ရေး အခက်အခဲရှိ သည်ဟု တာမိုးညဲဒေသခံ စစ်ရှောင်များအား ကူညီပေးနေသူ တစ်ဦးက ပြောသည်။
အောက်တိုဘာလ ၂၇ ရက်နေ့မှ စတင်ကာ မြောက်ပိုင်းညီနောက်မဟာမိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကြောင့်
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ယနေ့အချိန်အထိ နေရာအနှံ့၌ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည်။
တိုက်ပွဲဖြစ်ပွားနေသည့် နေရာများထဲ စစ်ကောင်စီတပ်ကလည်း လေကြောင်းမှ တိုက်ခိုက် ဗုံးကြဲမှုများ ဆက် တိုက်လုပ်ဆောင်နေပြီး မြေပြင်မှလည်း လက်နက်ကြီးများဖြင့် အရပ်သားပြည်သူများ နေထိုင်ကြသည့် ရပ် ကွက်၊ ကျေးရွာများထဲ စစ်ရေး ပစ်မှတ်ခွဲခြားခြင်း မရှိဘဲ ဆက်တိုက် ပစ်ခတ်မှုများ လုပ်နေသည်ဟု ဒေသခံများ က ပြောသည်။
အဆိုပါ တိုက်ပွဲများကြောင့် ရှမ်းမြောက်ရှိ နောင်ချို၊ ကျောက်မဲ၊ လားရှိုး၊ သိန္နီ၊ မုံးကိုး၊ ချင်းရွှေဟော်၊ မုံးစီး အစရှိ သည့် မြို့နယ်များထဲက ပြည်သူများက စစ်ဘေးလွတ်နိုင်မည့် မြို့ပေါ်က ဘုန်းကြီးကျောင်းများ၊ နီးစပ်ရာ ဆွေမျိုး များ၏ အိမ်များတွင် စစ်ဘေးတိမ်းရှောင်နေကြရသည်။