မယ်စဲ့ တိုက်ပွဲ စစ်ကောင်စီဘက်က အနည်းဆုံး ၁၆ ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်။
ကရင်နီ (ကယား)ပြည်၊ မယ်စဲ့မြို့နယ်၊ ပန်တိန်းကျေးရွာအနီး၊ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ၁၆ ဦးခန့် သေဆုံးပြီး အများအပြားဒဏ်ရာ ရရှိခဲ့သည်ဟု ရှေ့တန်းရောက် ကရင်နီတော်လှန်ရေး တပ်ဖွဲ့ တာဝန်ရှိ သူများက ပြောသည်။
မယ်စဲ့မြို့နယ်ထဲက စစ်ကောင်စီ၏ စခန်း ၂ ခုကို အင်္ဂါနေ့က သိမ်းယူနိုင်ခဲ့သည် ဖြစ်ရာ လက်နက် ခဲယမ်းများစွာကိုလည်း ထပ်မံသိမ်းပိုက် ရရှိခဲ့သည့်အပြင် စစ်ကူလမ်းကြောင်းများကိုလည်း ကရင်နီတော်လှန် ရေး အင်အားစုများက ဖြတ်တောက်ထားနိုင်ခဲ့သည်ဟု မြေပြင်စစ်ရေး သတင်းအရင်းအမြစ်များက ပြောသည်။
ဖားဆောင်း PDF ပြန်ကြားရေး တာဝန်ခံ တစ်ဦးက “သူတို့က ၁၀၀၄ ကို ဗျူဟာကုန်း ပုံစံမျိုး လုပ်ထားတာပေါ့ နော်။ ဗျူဟာကုန်း ပုံစံမျိုး လုပ်လိုက်ပြီးမှ ၁၀၀၄ ရဲ့ အပြင်ဘက်မှာ ရှိတဲ့ ရွာရဲ့ အပြင်ဘက်က စခန်းမှာ စာသင် ကျောင်းတို့ ဆေးရုံတို့မှာ ဝင်နေနေတာပေါ့။ အဲဒီစခန်းတွေကို အထိုင်ချထားတာပေါ့။ အဲဒါလေးကို ပြန်ပြီး သိမ်းတာပေါ့။ ပန်တိုင်းကျေးရွာထဲက အရင်နယ်ခြားစောင့်တပ် ကလလတ (ကရင်နီလူမျိုးပေါင်းစုံ လွတ်လပ် ရေး တပ်ဦး – ကလလတ)ရဲ့ BGF စခန်း၊ အထိုင်စခန်းပေါ့။ အဲဒီမှာ စစ်ကောင်စီက ပြန်ပြီး တပ်စွဲနေတာပေါ့” ဟု ပြောသည်။
အဆိုပါတိုက်ပွဲအား ကရင်နီအမျိုးသာများ ကာကွယ်ရေးတပ် (KNDF)၊ ကရင်နီ တပ်မတော် (KA)၊ ဖားဆောင်း PDF၊ ဘော်လခဲ PDF နှင့် ကလလတတို့က ပူးပေါင်း ပါဝင်တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။
တိုက်ပွဲအပြီးတွင် KA တပ်ဖွဲ့ဝင် တစ်ဦးနှင့် KNDF တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့ပြီး ပြင်းထန်ဒဏ်ရာရရှိသူ ၈ ဦးရှိပြီး အရေးပေါ် ဆေးကုသမှု ခံယူနေရသည်ဟု ဖားဆောင်း PDF ပြန်ကြားရေး တာဝန်ခံက ပြောသည်။
ထို့အပြင် တိုက်ပွဲထဲ စစ်ကောင်စီတပ်၏ စစ်ကူလမ်းကြောင်းများကိုလည်း ကရင်နီတော်လှန်ရေး အင်အားစုများ က ဖြတ်တောက် ထားနိုင်ခဲ့သည်ဟု မြေပြင်စစ်ရေး သတင်းအရင်းအမြစ်များက ပြောသည်။
ဖားဆောင်း PDF ပြန်ကြားရေး တာဝန်ခံက “သူတို့ဘက်ကတော့ ဗျူဟာ အပြောင်းအလဲရယ်လို့တော့ မရှိပါဘူး။ တောက်လျှောက်တော့ သူတို့က ပန်တိုင်း ကိုတော့ စစ်ကူတွေပို့ဖို့ လုပ်နေတာပဲ။ ရဟတ်ယာဉ်နဲ့ ပို့တာတွေ ရှိ တယ်။ ကုန်းကြောင်းကနေ ပို့ဖို့လည်း စီစဉ်နေ တယ်။ ဒါပေမယ့် ကျနော်တို့ဘက်ကလည်း Cut Out (ဖြတ် တောက်) လုပ်ထားတာတွေ ရှိတယ်ပေါ့။ မနေ့က တစ် ပြိုင်နက်တည်း သံလွင်အရှေ့ဘက်ခြမ်းမှာလည်းပဲ၊ ဖား ဆောင်းနား တစ်ဝိုက်မှာလည်းပဲ ပန်တိုင်းမှာ ဖြစ်နေတဲ့ အချိန် Cut Out ကစားတာလေးတွေ ရှိပါတယ်။ အဲ့ဒါ ကတော့ သူတို့ဘက်က ထိခိုက်ကျဆုံး ရှိနိုင်တယ်။ ဒါပေ မယ့် ကျနော်တို့ လက်နက်တွေ ဘာတွေတော့ မရဘူး။ တိုက်ပွဲတော့ နည်းနည်း ဖြစ်လိုက်တယ်ပေါ့” ဟု ဆက်ပြောသည်။
လတ်တလောတွင် စခန်းသိမ်းခံထားရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၁၀၀၄ BGF စခန်းဟောင်းသို့ ပြန်လည် ဆုတ်ခွါပြီးနောက် စခန်းပတ်ပတ်လည်တွင် မိုင်းများထောင်ထားကာ စစ်ရေး အသင့်ပြင်ထားသည်ဟု ဆိုသည်။
ကရင်နီတော်လှန်ရေး အင်အားစုများသည် ဇွန်လ ၁၃ ရက်နေ့ကစပြီး မယ်စဲ့မြို့နယ် အနီးတစ်ဝိုက်ရှိ တောင်လှ၊ မတ်တနွယ်၊ နမ့်ပေါင်၊ မယ်စဲ့ ရဲစခန်း၊ BP 13၊ BP 14 စသည့် စစ်ကောင်စီ တပ်စခန်းများကို သိမ်းပိုက်ထားနိုင်ခဲ့ ပြီး ဖြစ်သည်။