လွိုင်ကော် ကက်သလစ် ဘုရားကျောင်းထဲ စစ်ကောင်စီ တပ်စွဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်။

တိုက်ပွဲများ ပြင်းထန်နေသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့ရှိ ခရစ္စတူးဘုရင် ကက်သလစ်ခရစ်ယာန် ဘုရား ကျောင်းဝင်းထဲ စစ်ကောင်စီ တပ်သားများ ဝင်ရောက်တပ်စွဲထားသည်ဟု လွိုင်ကော် ကက်သလစ် သာသနာပိုင် ဆရာတော် Celso Ba Shwe (ဆဲလ်ဆိုဘရွှေ) က ပြောသည်။

စစ်ကောင်စီတပ်က လွိုင်ကော်မြို့ရှိ ခရစ္စတူးဘုရင် ဘုရားကျောင်း၀င်းထဲ တပ်စွဲရန်အတွက် သုံးကြိမ်တိုင်တိုင် ဝင်ရောက်လာပြီး နောက်ဆုံးအကြိမ်တွင် လုံးဝပြန်မထွက်သွားတော့ဘဲ တပ်စွဲထားလိုက်ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်သား အင်အား ၅၀ ခန့်က အဆိုပါ ဘုရားကျောင်းဝင်းထဲကို နိုဝင်ဘာလ ၂၇ ရက်နေ့တွင် အတင်းအဓမ္မ ဝင်ရောက်တပ်စွဲခဲ့ခြင်းဖြစ်သည်ဟု ဆရာတော် Celso Ba Shwe (ဆဲလ်ဆိုဘရွှေ) ထုတ်ပြန် ပြောဆိုထားသည်။

ထိုသို့ ဘုရားကျောင်းဝင်းထဲ စစ်ကောင်စီတပ်သားများ ဝင်ရောက်တပ်စွဲနေထိုင်သည် စစ်စည်းကမ်းကို ချိုး ဖောက်ခြင်း ဖြစ်သည်ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

”စစ်စည်းကမ်းမရှိတဲ့ စစ်တပ်တစ်ခု ဖြစ်နေတယ်ဆိုတာ သူတို့ပေါ်ပေါ်ထင်ထင် ပြလိုက်တာက တစ်ချက်ပေါ့နော ပြီးတော့မှ လူနည်းစုဖြစ်တဲ့ ကျနော်တို့ တိုင်းရင်းသား လူမျိုးစုတွေ အပေါ်မှာလည်း ဘာသာရေးအရ မှိုင်းတိုက် မှုတွေ လုပ်ချင်တယ်။”

ဆရာတော်နှင့် ဘုန်းတော်ကြီးများက အဆိုပါ ဗိမာန်တော်နေရာသည် သာသနာ၀င်းဖြစ်သည့်အတွက် လက်နက် ကိုင်တပ်ဖွဲ့များ တပ်စွဲနေထိုင်ခြင်းမျိုးမလုပ်ကြရန်၊ ဘုရားကျောင်းဝင်းထဲက ထွက်ပေးကြရန် တောင်းပန် ဖျောင်း ဖျခဲ့ကြသော်လည်း အတင်းအဓမ္မ ဝင်ရောက်တပ်စွဲလိုက်ကြခြင်း ဖြစ်သည်ဟု ဆိုသည်။

ထိုကဲ့သို့ ဝင်ပြီး တပ်မစွဲခင် ရှေ့ရက်တစ်ရက် (နိုဝင်ဘာလ ၂၆ ရက်နေ့)ကလည်း စစ်တပ်က ဘုရားကျောင်းဘက် ကို လက်နက်ကြီးများနှင့် အဆက်မပြတ် ပစ်ခတ်ခဲ့ရာ ဘုရားကျောင်းဆောင်ငယ် တစ်ဆောင် ထိမှန် ပျက်စီးခဲ့ သေးသည်။

ထို့ကြောင့် ဆရာတော်နှင့် ဘုန်းတော်ကြီးများ၊ စစ္စတာများ၊ ကျောင်းဝန်းအတွင်း ဆေးကုသမှု ခံယူနေကြသည့် ပြည်သူများ စုစုပေါင်း ၈၂ ဦးကလည်း ထိုနေရာတွင် ဆက်နေရန် လုံခြုံမှုမရှိတော့သောကြောင့် ဘေးလွှတ်နိုင် မည့် အခြားနေရာများကို ထွက်ပြေးတိမ်းရှောင်သွားကြသည်။

စစ်တပ်က ထိုသို့ လုပ်ဆောင်ခြင်းမှာ လွိုင်ကော်မြို့ စစ်ဆင်ရေးထဲ အထိနာပြီး လုံးဝရှုံးနိမ့်လာသောကြောင့် ဖြစ်သည်ဟု KNDF တာဝန်ရှိသူက ဆက်ပြောသည်။

“နောက်တစ်ခုက သူတို့က လုံးဝရှုံးနိမ့်နေတဲ့ အနေအထားမျိုး ဖြစ်နေတယ်ပေါ့။ ဒါက သူတို့ရလိုရငြား နေရာ သူတို့လုပ်လို့ရတဲ့ နေရာမှန်သမျှ ဘာသာရေးကစ အစစရာရာကို သူတို့က ဘယ်တော့မှငဲ့ညှာမှာ မဟုတ်ဘူးဆိုတဲ့ ပျက်စီးနေတဲ့ တပ်အနေအထားမျိုး ဖြစ်နေတယ်ပေါ့နော်။”

ကရင်နီပြည်နယ်မှာ မြန်မာနိုင်ငံထဲတွင် အငယ်ဆုံး ပြည်နယ်တစ်ခု ဖြစ်သော်လည်း စစ်တပ်ဘက်ကလည်း လက် နက်ကြီးများ၊ ဂျက်တိုက်လေယာဉ်များ၊ တင့်ကားများ၊ ဒုံးကျည်များ အသုံးပြုကာ အစီအစဉ်တကျ တိုက်ခိုက်နေ ခြင်း ဖြစ်သည်။ ထိုသို့ တိုက်ခိုက်ခံနေရခြင်းသည် အင်မတန်ဆိုးရွားသော အခြေအနေမျိုးဖြစ်သည်ဟု ဆရာ တော်၏ ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းပြောကြားထားသည်။

၁၁.၁၁ စစ်ဆင်ရေး စတင်ခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်နေ့ကစပြီး မြို့နေပြည်သူ စုစုပေါင်း ၁၃၀၀ ခန့် အဆိုပါ ဘုရားကျောင်းဝင်းထဲ လာရောက်ခိုလှုံခဲ့ကြသော်လည်း တိုက်ပွဲများ ဆက်ပြင်းထန်လာသည့် နောက်ပိုင်း ဘေးလွှတ်ရာကို အသီးသီးပြောင်းရွှေ့သွားကြသည်။