မြိတ်တွင် သတင်းထောက် ၂ ဦးဖမ်းဆီးခံရ။
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်။
မြိတ်မြို့တွင် သတင်းထောက် ၂ ဦးကို စစ်ကောင်စီက ညအချိန် နေအိမ်အသီးသီးတွင် ဝင်ရောက်ဖမ်းဆီးသွား
ခဲ့သည်ဟု မိသားစုဝင်များက ပြောသည်။
ဖမ်းဆီးခံရသူများမှာ တနင်္သာရီတိုင်းအခြေစိုက် Dawei Wathch သတင်းဌာန၏ မြိတ်မြို့မှ သတင်းသမားများ ဖြစ်ကြသည့် မြို့သစ် ၃ ရပ်ကွက်၊ မြရည်နန္ဒာလမ်းတွင် နေထိုင်သူ ကိုအောင်ဆန်းဦးနှင့် ဇေယျာသီရိ ၄ ရပ်ကွက် စည်ပင်သာယာလမ်းတွင် နေထိုင်သူ ကိုမြိုးမြင့်ဦးတို့ ဖြစ်ကြသည်။
ကား ၃ စီးဖြင့် ရောက်ရှိလာသည့် စစ်ကောင်စီတပ်က သတင်းထောက်နှစ်ဦးကို ဒီဇင်ဘာလ ၁၁ ရက်နေ့ ည ၁၂ နာရီ အချိန်ခန့်က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု မိသားစုဝင်တစ်ဦးက ဆိုသည်။
မိသားစုဝင်တစ်ဦးက “သတင်းတွေ ရေးနေလို့ လာဖမ်းတာဆိုပြီးပြောတယ်။ ဖုန်းနဲ့ လက်တော့တွေလည်း ယူ သွားတယ်။ လောလောဆယ် ရွှေဒူးရွာက စစ်ကြောရေးစခန်းမှာ ချုပ်ထားပြီး စစ်ဆေးနေတယ်လို့တော့ သိ ထားရတယ်” ဟု ပြောသည်။
သတင်းထောက် ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ချိန်မှစတင်ပြီး ယနေ့အချိန်ထိ မိသားစုဝင်များနှင့် တွေ့ဆုံခွင့် မရသေးသဖြင့် စိတ်ပူ စိုးရိမ်နေကြသည်။
စစ်ကောင်စီတပ်က မြိတ်မြို့မှ သတင်းထောက် ကိုအောင်ဆန်းဦးနှင့် ကိုမြိုးမြင့်ဦးတို့ကို ဖမ်းဆီးခဲ့စဉ်၊ သတင်း ဌာနပိုင် လပ်တော့ပ် – Laptop ၂ လုံးနှင့် ဖုန်းများအပြင် မိသားစုဝင်များ၏ ဖုန်းများကိုပါ သိမ်းဆည်းယူဆောင် သွားကြောင်း ဒီဇင်ဘာလ ၁၃ ရက်နေ့၊ နံနက်ပိုင်းတွင် Dawei Watch သတင်းဌာနက ထုတ်ပြန်ထားသည်။
Dawei Watch သတင်းဌာနမှာ ထားဝယ်မြို့တွင် အခြေစိုက်ပြီး မြန်မာနိုင်ငံတွင် တရားဝင် သတင်းမီဒီယာ လိုင်
စင်ဖြင့် လုပ်ကိုင်နေသည့် သတင်းဌာန တစ်ခုဖြစ်ကြောင်း၊ သတင်းစာကျင့်ဝတ်နှင့်အညီ သတင်းများကို ရေးသား ထုတ်လုပ်နေကြောင်း ဖေါ်ပြထားသည်။
ထို့အပြင် သတင်းရေးသားခြင်းမှာ ပြစ်မှုကျူးလွန်ခြင်း မဟုတ်သောကြောင့် ဖမ်းဆီးပိုင်ခွင့် မရှိကြောင်းနှင့် ဥပဒေမဲ့ ဖမ်းဆီးစစ်ဆေးခံနေကြရသည့် သတင်းသမားနှစ်ဦးကို အမြန်ဆုံး ပြန်လွတ်ပေးဖို့ကိုလည်း Dawei Watch က ရေးသားတောင်းဆိုထားသည်။
တနင်္သာရီတိုင်းအတွင်း စစ်အာဏာသိမ်းပြီးသည့်နောက် ဖမ်းဆီးခံရသည့် သတင်းထောက် စုစုပေါင်း ၈ ဦး အထိရှိလာနေပြီး ယခင်က ဖမ်းဆီးခံခဲ့ရသူ ၆ ဦးမှာ ပြန်လည်လွတ်မြောက်ခဲ့ပြီးဖြစ်သည်ဟု ပြစ်ဒဏ်ကျခံခဲ့ဖူးသူ သတင်းသမားတစ်ဦးက ပြောသည်။
ပြန်လွတ်လာသူများထဲတွင် ဖမ်းဆီးခံရပြီး ရက်ပိုင်းအတွင်း ပြန်လည် လွတ်မြောက်လာသူများနှင့် ထောင်ဒဏ် ကျခံနေစဉ် လွတ်ငြိမ်းချမ်းသာဖြင့် ပြန်လွတ်လာသူများလည်း ရှိခဲ့သည်။
မြိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း ညစဉ် လိုက်လံဖမ်းဆီးခြင်းများ ပြီးခဲ့သည့် လများကထက် ပိုများလာနေ ကြောင်း မြိတ်မြို့ခံများက ဆိုသည်။