ရဲစခန်းသိမ်း တိုက်ပွဲကြောင့် မော်လူးမြို့ခံ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်။

စစ်ကိုင်းတိုင်း၊ ကသာခရိုင်ထဲက မော်လူးမြို့ထဲ စခန်းသိမ်းတိုက်ပွဲဖြစ်ပွားလျှက်ရှိပြီး မြို့ခံ တစ်သောင်းကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်ပေါင်းစု တာဝန်ရှိသူ များက ပြောသည်။

မော်လူးမြို့ရဲစခန်းကို အမှတ် (၁) စစ်ဒေသရဲ့ ကွပ်ကဲမှုနဲ့ ကျောင်းသားတပ် ABSDF အပါအဝင် မဟာမိတ်တပ် ပေါင်းစုများ ဖြစ်ကြသည့် KIA၊ KPDF၊ ပကဖ၊ ပအဖ၊ ပလဖ ရဲဘော်များ ပူးပေါင်းပြီး ဒီဇင်ဘာလ ၁၃ ရက်နေ့က တည်းက သိမ်းပိုက်ခဲ့ကြခြင်း ဖြစ်သည်။

ABSDF တာဝန်ရှိသူ တစ်ဦးက “တိုက်တာကတော့ ၁၃ ရက်နေ့ မနက်အစောကြီး ၁၂ ခွဲ၊ ၁ နာရီလောက်နေ စတိုက်တာ။ တိုက်တဲ့အခါ လမ်းကြောင်းတွေမှာလည်း ဖြတ်တောက်ရေးတွေ အားလုံးလုပ်တယ်။ မဟာမိတ် တပ်ပေါင်းစုအားလုံးနဲ့ တိုက်တယ်။ ဒီမနက်မိုးလင်းတဲ့အချိန်မှာ ကျနော်တို့ စခန်းကိုရလိုက်ပါတယ်။ ဒေသခံ တွေကတော့ အားလုံးဘေးလွတ်ရာကို ထွက်ပြေးနေကြတယ်။ မြို့ခံအားလုံး တစ်သောင်းကျော်လောက်က ထွက်ပြေးနေရတယ်။ ဒီတိုက်ပွဲထဲ နှစ်ဖက်ပစ်ခတ်မှုကလည်း တော်တော်လေး ကြာတယ်ဗျ” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ စုပေါင်းတပ်ထိုင်ထားသည့် မော်လူးမြို့၊ မြမင်္ဂလာရပ်ကွက်ရှိ မော်လူးရဲစခန်းကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ကျောင်းသားတပ်မတော် (ABSDF)၊ အင်းတော် PDF တပ်၊ KPDF၊ ပကဖ၊ ပအဖ၊ ပလဖ ရဲဘော်များ ပူးပေါင်းပြီး အပြီးသတ် သိမ်းပိုက်ခဲ့ကြခြင်း ဖြစ်သည်ဟု ABSDF တာဝန်ရှိသူက ပြောသည်။

ထိုသို့ သိမ်းပိုက်လိုက်နိုင်ပြီးနောက် ဒီဇင်ဘာလ ၄ ရက်နေ့အထိ စစ်ကောင်စီတပ်ဘက်က အဆိုပါ ရဲစခန်းနေရာ ဘက်သို့ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေသည်ဟု ဆိုကြသည်။ အလားတူ ဒီဇင်ဘာလ ၁၃ ရက်နေ့ ည ၇ နာရီခွဲအချိန်ခန့်ကလည်း ဂျက်ဖိုက်တာနှစ်စင်းဖြင့် လာရောက်ပစ်ခတ်ခဲ့သေးသည်။

“မိုးညှင်း ၉၀၄ အမြောက်တပ်ကနေလည်း လက်နက်ကြီးတွေနဲ့ တစ်ညလုံးပေါ့၊ အခုချိန်ထိ ပစ်ကူနေတာ ဆက် တိုက်ပဲ။ တောက်လျှောက်ကို ပစ်နေတာပါ” ဟု ABSDF တာဝန်ရှိသူက ဆက်ပြောသည်။

တိုက်ပွဲစတင်ဖြစ်ပွားချိန်မှ စ၍ မြို့ခံများ ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရာမှာ စစ်တပ်ဘက်က လေကြောင်းအသုံးပြု ပစ်ခတ်လာသည့်နောက် မြို့ခံ အားလုံးနီးပါး ဘေးလွှတ်ရာကို ထွက်ပြေးကြရသည်။

မော်လူးမြို့ရှိ စစ်ကောင်စီတပ် လက်အောက်ခံ အဆိုပါ ရဲစခန်းကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ပြီး နောက် စစ်ကောင်စီတပ်ဖွဲ့အချို့ကို အရှင်ဖမ်းမိထားသည့်အပြင် လက်နက်ခဲယမ်းအများအပြား ကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အလောင်း ၁၄ လောင်းအပြင်၊ အရှင်ဖမ်းမိထားသူ ၇ ဦး ရှိ သည်ဟုဆိုသည်။ အချို့မှာ ထွက်ပြေးလွှတ်မြောက်သွားသည်ဟု ABSDF တာဝန်ရှိသူက ပြောသည်။

သိမ်းဆည်းရမိထားသည့် လက်နက်ခဲ့ယမ်းများမှာ လက်နက်ငယ် ၂၁ လက်၊ ခြောက်လုံးပြူး ၁ လက်၊ နင်းမိုင်း ၅ လုံး၊ လက်ပစ်ဗုံး ၂၄ လုံး၊ G3 ကျည် ၃၀၀၀ ကျော်၊ MA ကျည် ၃၀၀ ကျော်၊ ၉ မမကျည် ၂၀၀ ကျော်၊ ရော်ဘာ ကျည် ၃၀၊ G3 ကျည်ဘောက် ၄၂ ခု၊ MA ကျည်ဘောက် ၆ ခု၊ အူဇီကျည်ဘောက် ၆ ခု၊ ကွန်ပျူတာ ၁ လုံး၊ ဖုန်း ၂ လုံး၊ ဆက်သွယ်ရေးစက် ၁ လုံးတို့ကို သိမ်းဆည်းနိုင်ခဲ့သည်။

ထို့နောက် အဆိုပါ စခန်းအား ပြန်လည်ရှင်းလင်းရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်ဟု ယူဆရသည့် မီးလောင်ပြာကျ နေသည့် အလောင်း ၃ လောင်း ထပ်မံတွေ့ရှိခဲ့သေးသည်ဟု မဟာမိတ်ပူးပေါင်းအဖွဲ့ဘက်က ပြောသည်။ မဟာမိတ်ပူးပေါင်းအဖွဲ့များဘက်ကလည်း အဆိုပါ တိုက်ပွဲထဲ ၂ ဦးကျဆုံးခဲ့သည်။