လက်နက်ကြီးကြောင့် လူနာတင်ကား ၇ စီး မီးလောင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်။
စစ်ကောင်စီက လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် ရွှေလွိုင်ကော် ပရဟိတအသင်း၏ ရုံးခန်းအပါအဝင် လူနာတင်ကား ၇ စီး မီးလောင်ပျက်စီးသွားသည်။
ကရင်နီပြည်၊ လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် ရွှေလွိုင်ကော် ပရဟိတအသင်း၏ ရုံးအား စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု နီးစပ်သူများက ပြောသည်။
ရွှေလွိုင်ကော် ပရဟိတအသင်း ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက “ကျနော်တို့ကား ၉ စီးထားထားတာ။ ကျနော်တို့ နေတဲ့နေရာနဲ့ စကစ (စစ်ကောင်စီ) နဲ့က လမ်းလေးပဲ ခြားတာ။ သူတို့က ကျနော်တို့ကို Ambulance (လူနာတင်ကား) ထွက်ခွင့် ပိတ်ထားတာ။ ပစ်မိန့်ကို ပေးထားတာ။ ယူထုတ်လို့ မရဘူး။ အဲ့ဒါနဲ့ ကျန်ခဲ့တာ အကုန် လုံး လောင်သွားတာပေါ့” ဟု ပြောသည်။
တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ ဒီဇင်ဘာလ ၁၂ ရက်နေ့ နေ့လည် ၁၁ နာရီခန့်တွင် ပစ်ခတ်ခဲ့ပြီး ရုံးခန်း အပါအဝင် လူနာတင်ကား ၇ စီးမှာ မီးလောင်ပြာကျ ပျက်စီးခဲ့သည်ဟု ဆိုသည်။
လွိုင်ကော်မြို့တွင် တရားဝင် မှတ်ပုံတင်ထားသည့် ပရဟိတအသင်း၊ လူမှုကူညီရေး အသင်း၊ နာရေးကူညီမှု အသင်းများအား ၁၁.၁၁ စစ်ဆင်ရေး စတင်လိုက်သည့် နိုဝင်ဘာလ ၁၁ ရက်နေ့ နောက်ပိုင်းကတည်းက စစ်ကောင်စီတပ်မှ ကူညီကယ်ဆယ်ခွင့် ပိတ်ထားခြင်း ဖြစ်သည်။
ထို့ကြောင့် ရွှေလွိုင်ကော် ပရဟိတအသင်းမှာ နိုဝင်ဘာလ ၁၉ ရက်နေ့ကတည်းက စစ်ဘေးရှောင်နေကြရပြီး ကယ်ဆယ်ရေးလုပ်ငန်းများအား ယနေ့ချိန်အထိ ရပ်ဆိုင်းထားရသည်ဟု ဆိုသည်။
ရွှေလွိုင်ကော် ပရဟိတအသင်း ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက “လွိုင်ကော်မှာက ဘယ်အသင်းမှ မရှိတော့ ဘူး။ တချို့အသင်းတွေကျတော့ အကုန်လုံး ရှောင်ကုန်ပြီလေ။ ကျနော်တို့ အသင်းမှ မဟုတ်ဘူး လူတွေက အကုန်လုံး ရှောင်ရတယ်ဆိုတော့ သူတို့ အသင်းတွေလည်း တခြား မြို့တွေမှာပဲ သွားပြီးတော့ ကူညီပေးတာပဲ ရှိတာပေါ့။ ကျန်တဲ့ ၂ စီးက ကျနော်တို့ ၁၉ ရက်နေ့ ရှောင်ကတည်းက တခါတည်း ယူထုတ်လာတာဆိုတော့ ယူထုတ်လာတော့လည်း စတေကာတွေ ဘာတွေအကုန်ဖြုတ် ပြီးတော့ အခြေအနေ နည်းနည်းငြိမ်တဲ့ အချိန် လေးမှာ မောင်းထွက်လာတာ” ဟု ဆက်ပြောသည်။
နိုဝင်ဘာလ ၁၃ ရက်နေ့ကလည်း လွိုင်ကော်မြို့၊ နာနတ်တောရပ်ကွက်တွင်လည်း တမိုးတမြေ ပရဟိတ အသင်း သားများ ကယ်ဆယ်ရေး လုပ်နေစဉ် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာ အသက် ၁၇ နှစ်အရွယ် အသင်းသား တစ်ဦး သေဆုံးခဲ့သေးသည်။
လွိုင်ကော်မြို့တွင် ၁၁.၁၁ စစ်ဆင်ရေး စတင်လိုက်သည့်နေ့မှ ယနေ့အချိန်ထိ တစ်လကျော်အတွင်း ကရင်နီ တော်လှန်ရေး အင်အားစုများနှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲများ ပြင်းထန်နေပြီး တပြည်နယ်လုံး၌ စစ်ဘေးရှောင်ဦးရေ ၉၀ ရာခိုင်နှုန်းကျော်သွားပြီဟု ကူညီပေးနေသူများက ပြောသည်။