ကေအိုင်အို ထိန်းချုပ် မြို့တော်များ စစ်ကောင်စီ လက်နက်ကြီးနှင့် ပစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့နှင့် ပညာရေးမြို့တော်ဖြစ်သည့် မိုင်ဂျာယန်မြို့တို့အား စစ်တပ်မှ လက်နက်ကြီးများနှင့် ပစ်ခတ်ခဲ့ရာ ထိခိုက်မှုများ ရှိခဲ့သည်ဟု KIO ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
ဒီဇင်ဘာလ ၁၅ ရက်နေ့ (ယနေ့) နံနက် ၁၁ နာရီဝန်းကျင်အချိန်က မိုင်ဂျာယန်မြို့ရှိ လူနေရပ်ကွက်နှင့် ကောလိပ် ကျောင်းအနီးသို့ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“မိုင်ဂျာယန်မှာ လက်နက်ကြီးကျတော့ အတည်ပြုပြောလို့ရပါတယ်။ နာရီကတော့ မနက် ၁၁ နာရီဝန်းကျင် လောက်ဖြစ်မှာပါ။ မနက်ပိုင်းဖြစ်တာ။ ဒီနက် ဒီဇင်ဘာ ၁၅ ရက်ပေါ့နော်။ ရော်ယုံဆိုတဲ့ စကစတပ်စခန်းကနေ လက်နက်ကြီးနဲ့ ပစ်တာ ဖြစ်ပါတယ်။ ဆိုတော့ အဲ့ဒီလက်နက်ကြီးက ကျနော်တို့ ဒီ ၁၀၅ မမ လက်နက်ကြီး အမျိုးအစား ဖြစ်မယ်လို့ ယူဆပါတယ်။ ရော်ယွန်ဆိုတဲ့ စကစစခန်းကနေ လက်နက်ကြီးနဲ့ပစ်တယ်။”
ပညာရေးမြို့တော် မိုင်ဂျာယန်ရှိ အရပ်သားနေအိမ်များနှင့် ကျောင်းအနီးသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ စစ်ကောင်စီ လက်အောက်ခံ ရော်ယုံတောင်ဆိုသော တပ်စခန်းကုန်းမှ ၁၅၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
ဗိုလ်မှူးကြီးနော်ဘူက “ကျောင်းနားမှာ ကျနော်တို့ မိုင်ဂျာယန် ကောလိပ်ကျောင်းနားမှာ ကျတာ ဖြစ်ပါတယ်။ ကျောင်းနဲ့တော့ သိပ်တော့ မဝေးဘူး။ ဒါပေမယ့် ပိုပြီးမှ နီးတာက အိမ်တွေပေါ့ လူနေအိမ်တွေ ပြည်သူလူထု တွေရဲ့ လူနေအိမ်နားမှာ ကျတာ။ ရပ်ကွက် ၅ လို့ပြောပါတယ်။ ကျနော်ကတော့ ဟိုဘက်က ရပ်ကွက်တွေတော့ မသိဘူး။ ဒါပေမယ့် ကျနော်မေးကြည့်တော့ ရပ်ကွက် ၅ လို့ပြောတယ်။ အိမ်ပေါ်တည့်တည်ကျတာတော့ မဟုတ်ဘူး။ အိမ်တွေနားကျတာ။ ပျက်စီးတာတွေတော့ ရှိတယ်လို့ ပြောတယ်။ မှန်တွေဘာတွေကုန်တာတွေ ရှိတယ်လို့ ပြောတယ်” ဟု ဆက်ပြောသည်။
ထိုသို့ပစ်ခဲ့ရာ လူသေဆုံးမှုမရှိခဲ့သော်လည်း ကျောင်းမှ ပြန်လာသည့် ကျောင်းသူနှစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ခဲ့သေး သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“လူကတော့ ကျောင်းဆင်းပြီးမှ ကျောင်းကအပြန် နားနေတဲ့အချိန် ထိတာရှိတယ်။ ကလေးမ နှစ်ယောက်ထိ တယ်။ ကလေးမတစ်ယောက်ကတော့ လက်မှာထိတယ်တဲ့။ နောက်ကလေးမ တစ်ယောက်ကတော့ ခေါင်းမှာ နည်းနည်း ရှပ်ထိသွားတယ်လို့ ပြောတယ်။ ဟုတ်ကဲ့ လူအသေအပျောက်တော့ မရှိဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။
မိုင်ဂျာမြို့အတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အပြင် KIO ဌာနချုပ် လိုင်ဇာမြို့ကိုလည်း လက်နက်ကြီးဖြင့် လှမ်း ပစ်ခတ်ခဲ့သေးသည်။
ထို့အပြင် လိုင်ဇာအနီးရှိ မိုင်ဆတ်ပါဆိုသည့်နေရာနှင့် နမ်ဆန်ယန်ဘက်လည်း လက်နက်ကြီးအပြင် လေယာဉ် အသုံးပြုပြီးလည်း ဗုံးကြဲခဲ့သေးသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောသည်။
“လိုင်ဇာဘက်မှာကတော့ ခါတိုင်းလိုပဲ လိုင်ဇာဝန်းကျင်ကို လက်နက်ကြီးနဲ့ ပစ်တာရှိတယ်။ နောက်မိုင်ဆတ်ပါ တို့ နမ်ဆန်ယန်တို့ဘက်ကတော့ သူတို့လေကြောင်းနဲ့ ဗုံးကြဲတာရှိတယ်။ မိုင်ဆတ်ပါမှာလည်း ဗုံးတစ်လုံးကြဲတဲ့ အနေအထားရှိပါတယ်။ အဲ့လိုစစ်ဆင်ရေး အနေအထားရှိပါတယ်။ ဒီမနက်ပေါ့။”
မိုင်ဆတ်ပါနှင့် နမ်ဆန်ယန်ဘက်သို့ စစ်တပ်က ပစ်ခတ်နေသည့်အတွက် လိုင်ဇာမှ ဒေသခံများက စိုးရိမ်နေကြ သည်။ အလားတူ မိုင်ဂျာယန် ရပ်ကွက် ၅ မှ ပြည်သူများထဲမှ အချို့မှာ ဘေးလွှတ်ရာမှာ ရွှေ့ပြောင်းနေနေပြီး အချို့မှာမူ အခြအနေကို စောင့်ကြည့်နေကြသည်။
စစ်တပ်က လက်နက်ကြီးဖြင့် အရပ်သားနေအိမ်များရှိရာနှင့် စာသင်ကျောင်းနေရာများသို့ ပစ်ခတ်ခဲ့ခြင်းသည် ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့ခြင်းဖြစ်၍ စစ်ရာဇဝတ်မှုမြောက်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
မိုင်ဂျာယန်မြို့ရှိ MAI JA YANG INSTITUTE OF EDUCATION လက်အောက်ခံ တက္ကသိုလ်၊ ကောလိပ်၊ ဖက်ဒ ရယ် ဥပဒေအကယ်ဒမီကျောင်း၊ အခြားသော အဆင့်မြင့်ပညာသင်ကျောင်းများ၊ အထက်တန်းကျောင်း နှစ်ကျောင်းနှင့် မူလတန်းကျောင်း တစ်ကျောင်းရှိပြီး လက်ရှိတွင် အဆိုပါကျောင်းများကို လုံခြုံရေးအရ ပိတ် ထားလိုက်ရသည်ဟု ဒေသခံများက ပြောသည်။
ဓါတ်ပုံ – မိုင်ဂျာယန်မြို့ (Kachin Land News)