လွိုင်ကော်က ရဲတပ်သားအား မူးယစ်ဆေးဝါးရောင်းချမှုဖြင့် KSP က ဖမ်းဆီးအရေးယူထား

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်။

ကရင်နီပြည်နယ်၊ လွိုင်ကော်တွင် ရဲနှင့် စစ်ကောင်စီတပ်သားများအကြား မူးယစ်ဆေးဝါး ရောင်းချနေသည့် ရဲတပ်သားအား ကရင်နီပြည် ရဲတပ်ဖွဲ့မှ ဖမ်းဆီး အရေးယူထားသည်။

တာဝန်သိ ပြည်သူများ၏ သတင်းပေးမှုဖြင့် KNDF တပ်ရင်း ၅ နှင့် ကရင်နီပြည် ရဲတပ်ဖွဲ့ (KSP) ပူးပေါင်းတပ်တို့ က ပူးပေါင်း ရဲတပ်သား တင်မောင်နိုင်ကို ဖမ်းဆီးခဲ့ကြခြင်း ဖြစ်သည်။

KSP ပြန်ကြားရေးတာဝန်ခံ ရဲမှူး ကိုဘိုဘိုက “ဘယ်ပုဒ်မနဲ့ တရားစွဲမလဲဆိုတာတော့ သေချာတာတော့ မူး/စိတ် ဥပဒေပုဒ်မ ပါမယ်။ သူ့ကို ကျနော်တို့ စစ်ဆေးချက်အပေါ် မူတည်ပြီးတော့မှ နောက်ထပ် ပုဒ်မတွေ ထပ်ပါမယ် ပေါ့နော်။ တရားခံက ပြစ်ဒဏ် ဘယ်လောက်ကျလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့ အခုချိန်မှာ ပြောရမှာက နည်း နည်း စောသေးတယ်။ စစ်ကောင်စီကို ထောက်ပံ့နေတဲ့ ရဲတစ်ယောက်လည်း ဖြစ်တဲ့အတွက် လုပ်ဆောင်ချက် အပေါ် မူတည်ပြီးတော့မှ သူ့ကို နောက်ထပ် ပုဒ်မတွေ တရားစွဲဆိုရမှာပေါ့နော်။ စစ်ဆေးပေါ်ပေါက်ချက်အပေါ် မူတည်နေတဲ့ အတွက် အခုချိန်မှာ ကျနော်တို့ ဘယ်လောက်ကျမယ်ဆိုတာ တပ်အပ် ပြောလို့ မရသေးဘူး”
ဟု ပြောသည်။

လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေး (တောင်ဈေး) အနီးတစ်ဝိုက်တွင် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားနေ သည့် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သား တစ်ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု ကရင်နီအမျိုးသားများ ကာကွယ် ရေးတပ် (KNDF)တပ်ရင်း ၅ ၏ ဒီဇင်ဘာလ ၁၅ ရက်နေ့ ထုတ်ပြန်ချက်များအရ သိရသည်။

ရဲတပ်သား တင်မောင်နိုင်မှာ သီရိမင်္ဂလာဈေး အနီး၊ ကမ္ဘောဇဘဏ်တွင် လုံခြုံရေး တာဝန်ကျသူ ဖြစ်သည်။ ၎င်းထံမှ လက်ပစ်ဗုံး ၃ လုံး၊ WY ဆေးပြား ၁၂ ပြား၊ ဖုန်း ၂ လုံးနှင့် ငွေကျပ်အနည်းကို ဒီဇင်ဘာလ ၁၁ ရက်နေ့ တွင် သိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်သည်။

၎င်းမှာ ရဲနှင့် စစ်ကောင်စီတပ်များအကြားတွင် မူးယစ်ဆေးဝါး ဒိုင်ခံဖြန့်ဖြူးနေသူ ဖြစ်ပြီး ၎င်းကိုယ်တိုင်မှာလည်း မူးယစ်ဈေးဝါး ပုံမှန်သုံးစွဲသူ ဖြစ်သည်ဟု တာဝန်ရှိသူများက ပြောသည်။

ရဲတပ်သား တင်မောင်နိုင်အား မည်သို့ ချုပ်နှောင်ထားသည်ကို မေးမြန်းရာတွင် ရဲမှူး ကိုဘိုဘိုက ယခုကဲသို့ ဖြေ ကြားသည်။

“တချို့ လုံခြုံရေး ကျိုးပေါက်နိုင်တဲ့ ကိစ္စတွေကလွဲရင် ကျနော်တို့က UN က သတ်မှတ်ထားတဲ့ အကျဉ်းသား အခွင့်အရေးတွေကို တတ်နိုင်သမျှ လိုက်နာပြီးတော့မှ ဆောင်ရွက်ပါတယ်။”

KSP အနေဖြင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ဥပဒေအထက်တွင် မည်သူမျှ မရှိစေရဟုဆိုကာ တင်းကြပ်စွာ ကိုင်တွယ်သွားမည်ဟု ဆိုသည်။

ထို့အပြင် တော်လှန်ရေး ရဲဘော်များလည်း မူးယစ်ဆေးဝါးကိစ္စများတွင် ပါဝင်ပတ်သက်နေမည် ဆိုပါက ကျော သားရင်သား မခွဲခြားဘဲ ထိထိရောက်ရောက် အရေးယူသွားမည်ဟု တာဝန်ရှိသူများက ပြောသည်။

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) လက်အောက်တွင် ရဲရေးရာဌာန၊ ပြည်သူ့ရေးရာ ဌာန၊ သတင်းနှင့် ပြန်ကြားရေးဌာန၊ စွမ်းအင်မြင့်တင်ရေးဌာန စသည့် ဌာနကြီး ၄ ခုဖြင့် ဖွဲ့စည်းထားပြီး KSP အနေဖြင့် ၂ နှစ်ကျော်ကာလအတွင်း အမှုပေါင်း ၂၃၅ မှုအထိ တရားစွဲဆိုနိုင်ခဲ့သည်ဟု တာဝန်ရှိသူများက ပြောသည်။