အုပ်ချုပ်ရေး အဖွဲ့ဝင်ဟောင်းက စာရွက်စာတမ်း အတုဖြင့် အလှူခံ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်။
ပုသိမ်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိးရေးပါတီ USDP က စည်းရုံးရေးမှူးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင် ဟောင်းတို့က စာရွက်စာတမ်း အတုလုပ်ပြီး ဂိုဏ်းဖွဲ့ကာ အလှူခံနေသည်။
ပုသိမ်မြို့နယ် USDP ပါတီ စည်းရုံးရေးမှူးနှင့် အုပ်ချုပ်ရေး အဖွဲ့ဝင်ဟောင်းတို့က စစ်ကောင်စီ အုပ်ချုပ်ရေး အဖွဲ့ နှင့် ပါတီ၏ ခွင့်ပြုချက် စာရွက်စာတမ်းအတုများ ပြုလုပ်ပြီး ဂိုဏ်းဖွဲ့ကာ လှည့်လည်အလှူခံနေသည်ဟု အိမ်မဲ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံးနှင့် နီးစပ်သူ က ပြောသည်။
အိမ်မဲမြို့ခံ ရပ်မိရပ်ဖ တစ်ဦးက “အလှူခံအဖွဲ့ ခေါင်းဆောင်က ပုသိမ်မြို့ ပန်းဆက်ရပ်ကွက်က ဦးမြင့်ရွှေလို့ သိရ တယ်။ သူ့ကို ဘိုးတော်လို့လည်း ခေါ်တယ်။ သူတို့မှာ ပုသိမ် စကစနဲ့ ကြံ့ ခိုင်ရေးပါတီရဲ့ တံဆိပ်တုံးတွေ ရိုက် ထားတဲ့ နယ်လှည့် အလှူခံခွင့် စာရွက်တွေပါတယ်။ သက်ဆိုင်ရာမြို့နယ်က တာဝန်ရှိသူတွေကို လှမ်းမေး ကြည့် တော့ အဲ့လိုခွင့်ပြုထားတာ မရှိဘူးဆိုတာ သိရတယ်” ဟု ပြောသည်။
ပုသိမ်မြို့ အမှတ် ၁၄ ရပ်ကွက် ပန်းဆက်ကွက်သစ်တွင် နေထိုင်သူများ ဖြစ်ကြသော ဦးမြင့်ရွှေ (ခေါ်) ဘိုးတော် နှင့် ဦးဘူကြီး ဆိုသူတို့က အလှူခံအဖွဲ့ခွဲ ၄၀ နီးပါးဖွဲ့ကာ မြန်မာပြည် အရပ်ရပ်ကို လှည့်လည်၍ လိမ်လည် အ လှူခံနေကြသူများ ဖြစ်သည်ဟု ဆိုကြသည်။
ထိုအလှူခံ အဖွဲ့ဝင်များမှာ အခြား အလုပ်အကိုင် မယ်မယ်ရရ မရှိဘဲ ဘာသာရေး လူမှုရေး ကိစ္စများကို ပုတ်ပြတ် တန်ဖိုးဖြတ်ပြီး ကိုယ်စားလှယ်လုပ် အလှူခံစားနေကြသူများ ဖြစ်ကာ အလှူငွေ ဝေခြမ်းရာ၌ အငြင်းပွားမှု မကြာ ခဏ ဖြစ်လေ့ရှိရာမှ အလှူခံခြင်းကို ပိတ်ပင်ထားသည်ဟု အမှတ် ၁၄ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ယင်းအဖွဲ့၏ ခေါင်းဆောင်များထဲတွင် USDP ပါတီ စည်းရုံးရေးမှူးလည်းဖြစ် ရပ်ကွက်အဆင့် အမျိုးသမီးရေးရာ အဖွဲ့ဝင် တစ်ဦးလည်းဖြစ်သည့် ဒေါ်သင်းသင်းဆိုသူလည်း ပါဝင်သည်ဟု ပုသိမ်မြို့ အမှတ် ၁၄ ရပ်ကွက် ၏ အုပ် ချုပ်ရေး အဖွဲ့ဝင်ဟောင်း အချို့က ဆိုသည်။
ဦးမြင့်ရွှေ (ခေါ်) ဘိုးတော် နှင့် ဦးဘူကြီးတို့၏ အလှူခံအဖွဲ့ ခွဲပေါင်း ၄၀ ကျော်မှာ ပုသိမ်မြို့ အမှတ် ၁၄ ရပ်ကွက် ရှိ ပန်ဆက်ကွက်သစ်၊ ဥမ္မာဒန္တီ ကွက်သစ်၊ အမှတ် ၈ ရပ်ကွက်က ဘိုကြီးကုန်း၊ ချစ်တီးကုန်း နှင့် စမ်းငံကုန်းတို့၌ ရှိနေသည်။
ပန်းဆက် ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက “ဘိုးတော်ကို အလှူခံခိုင်းပြီး သိမ်ဆောက်ဖို့ အပ်ထားတာ။ ကျောင်း သိမ်က ၁၃ နှစ်ရှိတော့မယ် မပြီးသေးဘူး။ ဘိုးတော်ရဲ့ အိမ်ကတော့ တိုက်အိမ် ဖြစ်သွားပြီ။ ဘူကြီးမိန်းမကတော့ ရွှေ နဲ့ ငွေ ဖြစ်သွားပြီ” ဟု ပြောသည်။
ဦးမြင့်ရွှေ (ခေါ်) ဘိုးတော်နှင့် ဒေါ်သင်းသင်းတို့က ပါတီ၏ စည်းရုံးရေးမှူးများဟု ဆိုသော်လည်း ယခုလက်ရှိတွင် ပါတီ တာဝန်များမှ ရပ်ဆဲခံထားရသူဖြစ်ကာ ဦးဘူကြီးကမူ ပါတီဝင်မဟုတ်ဘဲ ၂၀၁၀ ခုနှစ်က အမှတ် ၁၄ ရပ်ကွက်၏ အုပ်ချုပ်ရေးအဖွဲ့ဝင်ဟောင်း တစ်ဦးသာဖြစ်သည်ဟု USDP ပါတီ၏ စည်းရုံးရေးမှူး အချို့က ပြော သည်။
နယ်လှည့် အလှူခံ ခွင့်ပြုချက် စာရွက်စာတမ်းနှင့် တံဆိပ်တုန်းအတုများ ပြုလုပ်ကာ လိမ်လည် အလှူခံနေခြင်း နှင့် ပတ်သက်ပြီး အယောင်ဆောင် အတုပြုလုပ် အလိမ် ခံရသော ဌာနဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ နှင့် USDP ပါတီ က ရဲစခန်း၌ ထိရောက်သော အမှုဖွင့် တိုင်ကြားထားခြင်း မရှိသဖြင့် ဖမ်းဆီး အရေးယူမှု လုပ်ရာတွင် အခက်အခဲ များ ရှိနေသည် ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူများက ပြောသည်။