ဖမ်းဆီးခံရသူ ၁၀ ဦးမှ တစ်ဦး လွတ်မလာသေး၍ မိသားစု စိုးရိမ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်။

စစ်ကောင်စီက ဖမ်းဆီးသွားသူ ၁၀ ဦးအနက် အများစုမှာ ပြန်လွှတ်မြောက်လာသော်လည်း တစ်ဦးကို တစ်ပတ် နီးပါး ကြာလာသည်အထိ ဆက်လက်ဖမ်းဆီးထားသောကြောင့် ၎င်း၏ မိသားစုဝင်များက စိုးရိမ်နေကြသည်။

ရေဖြူမြို့နယ်၊ ညင်းထွေးကျေးရွာအုပ်စု ကျောက်ဆိပ်ကုန်းကျေးရွာက လူငယ် ၁၀ ဦးခန့်ကို စစ်ကောင်စီတပ်မှ အင်အားသုံး ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် ၉ ဦးကို ပြန်လွတ်ပေးခဲ့သော်လည်း ကျန်ရှိသူတစ်ဦးကိုမူ ပြန်လွှတ် မပေးသေးဘဲ အဆက်အသွယ်ပါ ပြတ်နေသဖြင့် မိသားစုဝင်များ စိုးရိမ်နေကြခြင်း ဖြစ်သည်။

အသက် ၄၀ ခန့်အရွယ် မိသားစုဝင်အမျိုးသားတစ်ဦးက “ဖုန်းမှာတော်လှန်ရေးနဲ့ ပတ်သက်တာတွေတွေ့လို့ ဆို ပြီးပြောတယ်။ တခြားတော့ ပြောပြတာမရှိပါဘူး။ ငါးရက်ကြာတဲ့အထိ သတင်းမရတော့ စိတ်ပူနေတာ” ဟု ပြောသည်။

ရေဖြူမြို့နယ်၊ ညင်းထွေးကျေးရွာအုပ်စု ကျောက်ဆိပ်ကုန်းကျေးရွာထဲသို့ ဒီဇင်ဘာလ ၁၄ ရက်နေ့၊ နေ့လည်ပိုင်း က စစ်ကောင်စီ အင်အား ၂၀ ခန့်ဖြင့် ရောက်ရှိလာပြီး ဖမ်းဆီးသွားခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျောက်ဆိပ်ကုန်းကျေးရွာထဲမှ ဒီဇင်ဘာလ ၁၄ ရက်နေ့၊ ညနေပိုင်းတွင် ပြန် လည် ထွက်ခွာသွားချိန် ဖမ်းဆီးခံရသူများ အားလုံးနီးပါး ပြန်လွှတ်ပေးခဲ့သော်လည်း အသက် ၂၀ အရွယ် ကိုအေး ရှားဆိုသူကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း ရွာသားတစ်ဦးက ဆိုသည်။

အဖမ်းခံရသူများအထဲမှ ၉ ဦးကို ပြန်လွတ်ပေးခဲ့သော်လည်း ကိုအေးရှားအား ဆက်လက် ဖမ်းဆီးထားသော ကြောင့် မိသားစုများက စိုးရိမ်နေကြသည်။

စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးထားသူများ၏ ဖုန်းများကို စစ်ဆေးခဲ့သည့်အပြင် နေအိမ်အချို့ကိုလည်း မွှေနှောက် ရှာဖွေခြင်းများ လုပ်ဆောင်ခဲ့ကြသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ လဆန်းပိုင်းကလည်း ကျောက်ဆိပ်ကုန်းရွာထဲသို့ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးဝင် ရောက်ရှာဖွေခြင်းများ ပြုလုပ်ခဲ့ဖူးသေးသည်။

တနင်္သာရီတိုင်းအတွင်းရှိ မြို့အဝင်ဂိတ်များတွင် စစ်ကောင်စီတပ်များမှ လက်ကိုင်ဖုန်းများ စစ်ဆေးနေပြီး ထား ဝယ်မြို့ပေါ်တွင်လည်း ယခုရက်ပိုင်းအတွင်း Wave pay၊ K pay များနှင့် ပတ်သက်ပြီး စစ်ဆေးမှုများအပြင် ဖမ်း ဆီးသည့် ဖြစ်စဥ်များလည်း ရှိလာနေသည်ဟု မြို့ခံများက ပြောသည်။