လွိုင်ကော်ထောင်အတွင်း အကျဉ်းသားများအတွက် မိသားစုများ စိုးရိမ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်။
ကရင်နီပြည်၊ လွိုင်ကော်မြို့က အကျဉ်းထောင်အတွင်းရှိ အကျဉ်းသားများ၏ အခြေအနေနှင့် ပတ်သက်၍ သတင်းမျိုးမျိုးထွက်ပေါ်နေသော်လည်း နိုင်ငံရေးအကျဉ်းသားများနှင့် မိသားစုများကြား အဆက်အသွယ်များ ယနေ့ထိ ပြတ်တောက်နေသောကြောင့် စိုးရိမ်နေကြသည်။
စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားများအား ထောင်ဝင်စာတွေ့ခွင့်ကို အောက်တိုဘာလ ၂၄ ရက်နေ့က နောက် ဆုံးရရှိခဲ့နောက် ယနေ့အချိန်ထိ အဆက်အသွယ် ပြတ်သွားသည်ဟု နိုင်ငံရေး အကျဥ်းသားတစ်ဦး၏ မိခင်ဖြစ် သူက ပြောသည်။
“နှစ်လလောက်ပဲ ထင်တယ်။ အခုစစ်ရှောင်တာက တစ်လ ဟိုးအရင် သွားတွေ့ခွင့်ရတာက တစ်လလေ။ နောက် ပိုင်း အဆက်သွယ်မရတော့ဘူးလေ။ ဘယ်သူနဲ့ ဆက်သွယ်ရမှန်း မသိဘူးဖြစ်နေတာ။”
လွိုင်ကော် အကျဥ်းထောင်အတွင်း၌ နိုင်ငံရေးအကျဉ်းသား အယောက် ၁၄၀ ဦး ခန့်ရှိပြီး ၁၁.၁၁ စစ်ဆင်ရေး စတင်ပြီးနောက် ထောင်တွင်းအခြေအနေများနှင့် ပတ်သက်၍ အဆက်သွယ်များ ပြတ်တောက်နေသည်ဟု ကရင် နီ နိုင်ငံရေး အကျဉ်းသားများ KPPA ဥက္ကဋ္ဌ ခူးရှိုင်းရယ်က ပြောသည်။
“ဒီအာဏာသိမ်းပြီးနောက်ပိုင်းက လွိုင်ကော်ထောင်ကနေ လွတ်မြောက်ပြီး နိုင်ငံရေး အကျဥ်းသားက ၁၄၀ ကျော် လောက်ရှိတယ်ပေါ့။ အခုထပ်ပြီးတော့ လွိုင်ကော်ထောင်ထဲမှာပဲ ထပ်ကျန်တဲ့ နိုင်ငံရေးအကျဥ်းသား လည်း ၁၄၀ ကျော်ဝန်းကျင်လောက်တော့ ကျန်သေးတယ်ဗျ။ ထက်ဝက်နှုန်းက လွတ်ပြီးမှ ထက်ဝက်နှုန်း ကျန် သေးတယ်ပေါ့နော်။ ကျနော်တို့ အခုထိတော့ လွိုင်ကော်ထောင်နဲ့ အဆက်သွယ်မရတာတော့ တစ်လကျော် ကြာ သွားပြီပေါ့နော်။ ကျနော်တို့လည်း ကြိုးစားပြီးတော့ စုံစမ်းနေတယ်။ လက်ရှိအထိတော့ အဆက်သွယ် မရနိုင် သေးဘူးပေါ့နော်။”
လွိုင်ကော်အကျဥ်းထောင်သည် လက်ရှိ နိုင်ငံရေးအကျဥ်းသား အယောက် ၁၄၀ အပါအဝင် အကျဥ်းသား စုစု ပေါင်း ၅၀၀ ခန့်ရှိသည်ဟု ခူးရှိုင်းရယ်က ပြောသည်။
ပုဒ်မ ၅၀၅ – က ဖြင့် လွိုင်ကော်အကျဉ်းထောင်မှ ယခုနှစ် မေလတွင် ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးကလည်း ၎င်းကြုံတွေ့ခဲ့ရသည့် အကျဉ်းထောင်တွင်း အတွေ့အကြုံများ၊ အခြေအနေ များနှင့် ပတ်သက်၍ ယခုကဲ့သို့ ဆက်ပြောသည်။
“ထောင်ဝင်စာက ကျနော်တို့ ရှိနေတဲ့အတွင်းမှာ လုံးဝတွေ့ခွင့်မရဘူးဗျ။ စာရေးခွင့်ပဲ ရတယ်။ မိသားစုနဲ့ ဆက် သွယ်တာက နှစ်ပတ်တစ်ကြိမ် စာရေးနိုင်တာရှိတယ်။ နောက်ဆုံးမှာက တစ်လ တစ်ကြိမ်ပဲ ရှိလာတယ်ပေါ့နော်။ အကြောင်းအမျိုးမျိုးကြောင့်။”
ထိုကဲ့သို့ အဆက်သွယ်ပြတ်နေခြင်းကြောင့် လတ်တလောတွင် ကျန်းမာရေးပြဿနာနှင့် စားဝတ်နေရေး အခက် အခဲများ ကြုံလာနိုင်သည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးက ဆက်ပြောသည်။
“သူတို့ ဆရာဝန်တစ်ယောက်တော့ ရှိတယ်။ ဆေးဝါးကတော့ အခက်အခဲ ရှိတယ်ပေါ့နော်။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဆေးဝါးတွေ ပြတ်လပ်နိုင်တယ်ပေါ့နော်။ စားဝတ်နေရေး ခက်ခဲလာနိုင်တယ်။”
နိုင်ငံရေးအကျဥ်းသား တစ်ဦး၏ မိခင်က ၎င်း၏သားဖြစ်သူနှင့် အဆက်အသွယ် ပြတ်နေသည်မှာ နှစ်လခန့် ကြာလာပြီ ဖြစ်သောကြောင့် စိုးရိမ်နေမှု မြင့်တက်နေသည်ဟု ဆက်ပြောသည်။
“သူကလေ ထမင်း သိပ်မစားဘူးပေါ့နော်။ အစားအသောက် မစားဘူး။ အရင်က အဲ့လိုမျိုး ပို့ ကျွေးရင်လည်း မယူဘူးပေါ့။ သူများပဲ သူ့ကိုယူပေးနေတယ်။ သူမစားမသောက်တော့ အစာရေစာ ငတ်ပြတ်မှာကို စိုးရိမ်ရ တယ်လေ။ သူ့ကျန်းမာရေး အစာအိမ်လည်းရှိတယ်။ အဲ့လိုဆိုတော့ စိုးရိမ်တယ်လေ။”
လက်ရှိ လွိုင်ကော်အကျဥ်းထောင်အား စစ်ကောင်စီဘက်မှ ဆက်လက်ချုပ်ထားသောကြောင့် အကျဥ်းထောင်နှင့် အနီးတစ်ဝိုက်တွင် နေထိုင်ခြင်း မပြုကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က တိုက်တွန်းထား သည်။
လွိုင်ကော်အကျဉ်းထောင် အနီးဝန်းကျင်တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး ဒီဇင်ဘာလ ၉ ရက်နေ့ကလည်း အကျဥ်း ထောင်အနီးရှိ ပြည်နယ် ရဲစခန်းအား ကရင်နီပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ထားသည်။