စစ်ကောင်စီ လက်နက်ကြီးကြောင့် အိမ်တစ်လုံး ကားတစ်စီး ပျက်စီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်။
စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က လက်နက် ကြီးဖြင့်ပစ်ခတ်ခဲ့ခြင်းကြောင့် မြိတ်မြို့နယ်ထဲရှိ သကန် တောင်ပုကျေးရွာမှ နေအိမ်တစ်ဆောင်နှင့် ကားတစ်စီးပျက်စီးသည်ဟု ရွာသားများက ပြောသည်။
မဇောကျေးရွာအုပ်စု နှင့် တုံးဗျောငယ်ကျေးရွာအုပ်တို့ကို ခြေလျင် စစ်ကြောင်း ထိုးခဲ့ပြီးနောက် ၆၀ မမ လက် နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရွာသားများက ဆိုသည်။
အသက် ၃၅ နှစ်အရွယ် သကန်တောင်ပုရွာသား တစ်ဦးက “လူတွေမထိခိုက်တာပဲ ကံကောင်းတာလို့ပဲ ဆိုရမှာ။ ရွာသားတွေစစ်ရှောင်နေခဲ့လို့ အိမ်ပေါ် လက်နက်ကြီး ကျ ချိန်မှာ အရပ်သား ထိခိုက်မှုမရှိခဲ့ဘူး” ဟု ပြောသည်။
လက်နက်ကြီးကျည်ထိမှန်ခဲ့ခြင်းကြောင့် တုံးဗျောငယ်ရွာမှနေအိမ်တစ်လုံး၏ ခေါင်မိုးများပျက်ဆီးသွားခဲ့သလို အိမ်ရှေ့မှာရပ်ထားသည့် မြေတင်ကားရဲ့ လေကာမှန်များနှင့်နံဘေးကိုယ်ထည်များ ပျက်စီးခဲ့ကြောင်း သိရသည်။
မြိတ်မြို့မှ ထွက်ခွာလာသည့် အင်အား ၄၀ ခန့်ပါ စစ်ကြောင်းက တိုက်ပွဲဖြစ်ပွါးမှုမရှိဘဲ ဒီဇင်ဘာလ ၂၀ ရက်နေ့ ညနေပိုင်းက ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်း ထိုးလာမည်ကို ကြိုတင်သတင်းရခဲ့ခြင်းကြောင့် ပြည်ထောင်စု လမ်းမကြီး တလျှောက်ရှိ ကျေးရွာများမှ ဒေသခံရွာသားများမှာ ကြိုတင်ရှောင်တိမ်းနေခဲ့ကြရသည်။
စစ်ကြောင်းထိုး ဝင်ရောက်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့က ပြည်ထောင်စု ကားလမ်းမကြီးတစ်လျှောက် ဖြတ်သန်း သွားလာနေသည့် ခရီးသွားများကိုလည်း တားဆီးစစ်ဆေးခြင်းများ ပြုလုပ်ခဲ့သေးကြောင်း ရွာသားများက ပြော သည်။
ထို့အပြင် မြိတ် – တနင်္သာရီ ပြည်ထောင်စု ကားလမ်းမကြီးတလျှောက် ခြေလျင်စစ်ကြောင်း ထိုးနေသည့် စစ် ကောင်စီတပ်ဖွဲ့ကို ဒီဇင်ဘာလ ၂၂ရက်နေ့၊ နံနက်ပိုင်းတွင် မြိတ်မြို့ဘက်မှ အင်အားထပ်မံဖြည့်တင်းမှုများ ရှိနေခဲ့ သည်ဟု ရွာသားများက ပြောသည်။
တနင်္သာရီမြို့နယ် မော်တုန်းကျေးရွာ အခြေစိုက် စစ်ကောင်စီ၏ အမတ – ၃၀၆ တပ်ရင်းနှင့် ဇဝဲကျေးရွာ အခြေ စိုက် ခမရ – ၅၅၆ တပ်ရင်းတို့ဘက်မှလည်း လက်နက်ကြီးဖြင့် ပစ်ခတ်မှုများရှိနေခဲ့ပြီး ဘန်းလမွတ်ကျေးရွာနှင့် ရမ်းဖိုကျေးရွာများ အနီးက ဥယျာဉ်ခြံများ အထဲသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။