လွတ်လပ်သော သတင်းမီဒီယာ ကောင်စီကို လွတ်လပ်သော သတင်းသမားများဖွဲ့စည်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်။

လွတ်လပ်သော သတင်းမီဒီယာများ၏ စုရပ်ဖြစ်လာမည့် လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ IPCM ကို ဖွဲ့စည်းလိုက်ကြသည်။

မြန်မာ သတင်းမီဒီယာ လွတ်လပ်ခွင့် မြှင့်တင်ရေး၊ သတင်းသမားများ၏ လုံခြုံရေးနှင့် အကာအကွယ် ရရှိရေး၊ မီဒီ ယာကျင့်ဝတ်များကို ရေးဆွဲပြဌာန်းပြီး လိုက်နာကျင့်သုံးရေး၊ သတင်းမီဒီယာကောင်စီ၏ တရားဝင်ရပ်တည်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာ သတင်းမီဒီယာကောင်စီများကြား တရားဝင် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးတို့အတွက် ထိုင်းနယ်စပ် တစ်နေရာတွင် ပြုလုပ်သော ညီလာခံမှ ဆွေးနွေးဆုံးဖြတ်နိုင်ကြခြင်း ဖြစ်သည်။

အဆိုပါ ညီလာခံမှ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ ကို ဖွဲ့စည်းလိုက်ကြခြင်း ဖြစ်သည်ဟု IPCM ကောင်စီ ဥက္ကဋ္ဌ နန်းဖော့ဂေက ယခုကဲ့သို့ ပြောသည်။

“မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလောက အတွက်တော့ သတင်းမီဒီယာ လွတ်လပ်ခွင့်ကိစ္စတွေ နောက်ပြီးတော့ သတင်းထောက်တွေအတွက် လုံခြုံရေးနဲ့ အကာအကွယ် ပြုရေးကိစ္စတွေပေါ့နော်။ ပြီးရင် သတင်းသမားတွေ ကြီးပဲ သတင်းမီဒီယာဌာနတွေကြီးပဲ စုစည်းဖွဲ့စည်းထားတဲ့ အတွက်ကြောင့်မလို့ ဆက်လက်လုပ်ဆောင်ရမယ့် အပိုင်းတွေမှာ သတင်းမီဒီယာ ကျင့်ဝတ်လိုက်နာရမယ့်အပိုင်းတွေ စည်းကမ်းလိုက်နာရမယ့်အပိုင်းတွေ နောက် ပြီးတော့ နိုင်ငံတကာမီဒီယာနဲ့ ထိုးဖောက်မှုအပိုင်းတွေကို ပိုပြီးတော့ စုရပ်တစ်ခုအနေနဲ့ ဖြစ်သွားတာပေါ့နော်။”

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီကို လွတ်လပ်သော သတင်းမီဒီယာများ၊ တိုင်းရင်းသား မီဒီယာများ၊ ဒေသအခြေပြု မီဒီယာများကို ဒီမိုကစီနည်းလမ်းကျဖွဲ့စည်းခဲ့သည့်အတွက် တရားဝင် သတင်းမီဒီယာ ကောင်စီ ဖြစ်ကြောင်း သဘောတူခဲ့ကြသည်ဟု IPCM ထုတ်ပြန်ချက် ဆိုသည်။

IPCM ကို ဖွဲ့စည်းလိုက်သည့်အပေါ် စစ်ကောင်စီဘက်က တုန့်ပြန်လာနိုင်မှု အခြေအနေနှင့် ပတ်သက်၍လည်း နန်းဖော့ဂေက ယခုကဲ့သို့ ဆက်ပြောသည်။

“ကျမတို့ကတော့ သူတို့ရဲ့တုန့်ပြန်မှုကို စောင့်နေမှာမဟုတ်ဘူး။ ကိုယ်လုပ်စရာရှိတဲ့ အပိုင်းကို ခံယူချက်ရှိရှိ ယုံ ကြည်ချက်ရှိရှိ လိပ်ပြာသန့်သန့်နဲ့ပဲ လုပ်သွားဖို့ စဥ်းစားထားတယ်ပေါ့နော်။“

ထို့အပြင် စစ်ကောင်စီဘက်က တရားဝင် သတ်မှတ်ထားသည့် စစ်ကောင်စီလက်အောက်ခံ မီဒီယာကောင်စီက မီဒီယာလွတ်လပ်မှုမရှိသလို သတင်းသမားများကို အကာကွယ်မပေးနိုင်သည့်အတွက် လွတ်လပ်သော သတင်းမီဒီယာများကို ကိုယ်စားမပြုဘူးဟုလည်း နန်းဖော့ဂေက ဆက်ပြောသည်။

“အခုလက်ရှိစစ်ကောင်စီလက်အောက်က သတင်းမီဒီယာကောင်စီကတော့ သတင်းသမားတွေအတွက်ကို ဘာမှ အကာအကွယ်မပေးနိုင်ဘူး အန္တရာယ်ပြုတာလည်း အများကြီးခံရတယ်။ အာဏာသိမ်းပြီးကတည်းက ဖမ်းဆီး တရားစွဲဆိုထောင်ချ သတ်ဖြတ်ခြိမ်းခြောက်ခံနေရတဲ့ အန္တရာယ်တွေကို ဘာတစ်ခုမှ အကာအကွယ်ပေးနိုင်တဲ့ မီဒီယာကောင်စီ မဟုတ်ဘူးဆိုတဲ့ အခါကျ ဒါဟာ လွတ်လပ်တဲ့ သတင်းမီဒီယာတွေအတွက် အကာအကွယ်ပေး နိုင်တဲ့ ကိုယ်စားပြုပေးနိုင်တဲ့ ကောင်စီမဟုတ်ဘူး။”

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ၏ ရှေ့လုပ်ငန်းစဥ်တစ်ရပ်အနေဖြင့် မြန်မာနိုင်ငံတွင် ဖမ်းဆီးထိန်း သိမ်းခံနေရဆဲ ဖြစ်သော သတင်းသမားများနှင့် ပတ်သက်သော အချက်အလက်များကို နိုင်ငံတကာက သိရှိရေး လှုံ့ ဆော်ပေးခြင်းနှင့် မီဒီယာသမားများ၏ စိန်ခေါ်မှုအခြေအနေများကို သုသေတနဆက်လုပ်ပြီး အစီရင်ခံစာများ ဆက်ထုတ်သွားမည်ဟုလည်း ကောင်စီ ဥက္ကဋ္ဌက ပြောသည်။

ပြည်တွင်းပြည်ပက လွတ်လပ်သည့် မြန်မာသတင်းမီဒီယာ အဖွဲ့ ၃၇ ဖွဲ့နှင့် တသီးပုဂ္ဂလ သတင်းမီဒီယာသမားများ အပါအဝင် စုစုပေါင်း ၇၇ ဦးတို့က လွတ်လပ်သော မြန်မာသတင်းမီဒီယာ ကောင်စီ၏ အစည်းအဝေးကို တက်ရောက်ခဲ့ကြပြီး ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် သဘောတူ ဖွဲ့စည်းခဲ့ကြသည်။

IPCM ညီလာခံမှ လွတ်လပ်သော မြန်မာသတင်းမီဒီယာ ကောင်စီအဖြစ် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) ကို ရေးဆွဲအတည်ပြုခြင်း၊ အမှုဆောင်ကော်မတီဝင်များအား ရွေးကောက်တင်မြှောက် ခြင်း၊ သတင်းမီဒီယာကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ဆွေးနွေးကာ အတည်ပြုခဲ့ကြသည်။

IPCM ညီလာခံကနေ ကောင်စီ၏ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူးတို့ အပါအဝင် ကောင်စီဝင်များကိုပါ ရွေးကောက်ပွဲ စနစ်နှင့် မဲပေး ရွေးချယ်ခဲ့ကြသည်။

ထိုင်းနယ်စပ်တွင် ဖွဲ့စည်းလိုက်သည့် IPCM ကောင်စီအနေဖြင့် စစ်ကောင်စီက မတရား ဖမ်းဆီးထိန်းသိမ်းထား သော သတင်း မီဒီယာသမားများကို ချွတ်ယွင်းချက်မရှိ ပြန်လွှတ်ပေးရန်လည်း တောင်းဆိုထားသည်။

စစ်တပ်က အာဏာသိမ်းယူပြီးနောက် သတင်းသမားများ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ဒီဇင်ဘာလ ဒုတိယပတ်အထိ သတင်းသမား ၆၁ ဦးကို ဆက်လက် ဖမ်းဆီးထားသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP ၏ စာရင်းများတွင် ဖော်ပြထားသည်။