နိုင်ငံကူးလက်မှတ်အတွက် တောင်ကြီးတွင် ဝန်ထမ်းဆိုသူများက ပိုက်ဆံတောင်းနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်။

ရှမ်းပြည်နယ်၏ မြို့တော်၊ တောင်ကြီးမြို့၊ တောင်ကြီး – တာချီလိတ် လမ်းမကြီးပေါ်ရှိ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံး (ပတ်စ်ပို့စ်ရုံး)တွင် နိုင်ငံကူးလက်မှတ် ပြုလုပ်သူများအား ငွေကြေးအမြောက်အမြား တောင်းခံနေသည်ဟု ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူများက ပြောသည်။

ရုံးဂိတ်စောင့် ဝန်ထမ်း ၂ ဦးနှင့် အရပ်ဝတ် ဝတ်ထားသည့် ရဲဖွဲ့ဝင်များဟု ဆိုသည့် အမျိုးသား ၄ ဦးမှ နိုင်ငံကူး လက်မှတ် ပြုလုပ်သူများအား တစ်ဦးလျှင် ၃၀၀,၀၀၀ ကျပ်စီ ခြိမ်းခြောက် တောင်းခံနေခြင်း ဖြစ်သည်။

“ဂိတ်စောင့်က အရင်တောင်းတာ။ သူတို့က ပွဲစားမဟုတ်ဘူး။ ဝန်ထမ်းတွေလို့ ပြောတယ်။ ၃ သိန်းမပေးရင် အထဲကို မဝင်ရဘူးတဲ့။ ဒီတိုင်း စုံ စမ်းချင်လို့ ရုံးထဲ ခဏ ဝင်ချင်တယ်ဆိုလည်း မရဘူး။ ပိုက်ဆံ အရင်ပေးမှ တခါတည်း ခေါ်ဝင်ပြီး လုပ်ပေးမယ်လို့ ပြောတယ်။ အဲနေ့က ၇ ယောက်လုံး အကုန် ပေးလိုက်ရတယ်” ဟု ဒီဇင် ဘာလ ၇ ရက်နေ့တွင် ပတ်စ်ပိုစ့် ကိုယ်တိုင် ပြုလုပ်ခဲ့သူ တစ်ဦးက ပြောသည်။

နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် စက်တင်ဘာလ ၂၇ ရက်နေ့မှ စတင်ပြီး အောက်တိုဘာလ ၆ ရက်နေ့ အထိ တိုကင်စနစ် ချပေးခဲ့သော်လည်း ယင်းနောက်ပိုင်းတွင် ပွဲစားများကိုသာ ဦးစီးလုပ်ကိုင်ခွင့် ပေးခဲ့သည်ဟု ဆိုကြသည်။

ထို့အပြင် တိုကင်ရပြီးသည့် သူများကိုလည်း ယနေ့အထိ မကြာခဏ ရက်ချိန်း၍ အချိန်ဆွဲ ကြန့်ကြာအောင် လုပ်နေကြပြီး ပွဲစားဖြင့် ပြုလုပ်မှသာ ၂ ရက်အတွင်း ပတ်စ်ပိုစ့် ရသည်ဟု ဆိုသည်။

နိုင်ငံကူးလက်မှတ် ကိုယ်တိုင် သွားလုပ်ခဲ့သူ တစ်ဦးက “၄ ယောက်ကတော့ ရဲလို့ ပြောတာပေါ့။ ယူနီဖောင်း တော့ မပါဘူး။ သူတို့က ပွဲစားတွေ မဟုတ်လို့ ယုံကြည်နိုင် တယ်။ ပြီးရင် ပွဲစားတွေကိုလည်း ဖမ်းမှာလို့ ပြော တယ်။ တိုကင် မရတာထက် လိမ်ပြီး တောင်းနေလို့ စိတ်တို တာ။ ရုံးထဲရောက်တော့လည်း ဟုတ်တယ် အဲ့ဒါ သူတို့ ဝန်ထမ်းပါလို့ ပြောတယ်။ ပွဲစားနဲ့ ပေါင်းစားကြတာလား။ ဝန်ထမ်းတွေပဲ ရိုက်စား လုပ်နေတာလား သူ တို့ပဲ သိမှာ” ဟု ဆက်ပြောသည်။

တောင်ကြီးမြို့၊ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် ဒီဇင်ဘာလ ၁၈ ရက်နေ့ နောက်ပိုင်းမှစတင်၍ ယနေ့ အချိန်ထိ ဝန်ထမ်းများအား ငွေကျပ် ၃၀၀,၀၀၀ ပေးဆောင်ခဲ့ရသူများမှာ အယောက် ၅၀ ထက်မနည်း ရှိနိုင် သည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများက ခန့်မှန်း ပြောဆိုထားသည်။

ထိုမျှမက မြန်မာနိုင်ငံရှိ အခြား ပြည်နယ်နှင့် တိုင်းများတွင်လည်း နိုင်ငံကူးလက်မှတ်အတွက် ကျပ် ၄၅၀,၀၀၀ မှ ကျပ် ၆၀၀,၀၀၀ အထိ ပေးဆောင်နေကြရသည်ဟု ဆိုသည်။

ထိုသို့ပေးဆောင်နေရခြင်းမှာ ပွဲစားများနှင့် Non-CDM ဝန်ထမ်းများ၏ ပူးပေါင်းကြံစည်မှု ဖြစ်နိုင်သည်ဟု ဒေသတွင်း သတင်းအရစ်အမြစ်များ၏ ပြောပြချက်များအရ သိရသည်။