ဖမ်းဆီးခံ ပျောက်ကြားတစ်ဦး အဆက်အသွယ် မရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့ အဝင်တွင် ဖမ်းဆီးခံလိုက်ရသည့် ချိုးဖြူမြို့ပြပြောက်ကျား တပ်ဖွဲ့ (JPRF)မှ တပ်သား တစ်ဦး ၃ ပတ်ကျော် ကြာလာသည်အထိ အဆက်အသွယ်မရသေး၍ မိသားစုဝင်များက စိုးရိမ်နေကြသည်။

ဖမ်းဆီးခံရသူက JPRF အဖွဲ့ တာဝန်ခံ ကိုဂျိုကာ ဆိုသူ ဖြစ်ပြီး လက်ရှိတွင် ၎င်းအား တောင်ကြီးမြို့၊ အရှေ့ပိုင်း တိုင်း စစ်ဌာနချုပ် (ရပခ) စစ်ကြောရေး စခန်းတွင် ချုပ်နှောင်ထားသည်ဟု JPRF နှင့် ပူးပေါင်းတပ် ဖြစ်သော ရွာငံ PDF မှ ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“သူ့အဖွဲ့ထဲက ရဲဘော်တစ်ယောက်က အလင်းဝင်သွားတယ်လို့ ကြားတယ်။ ၄၊ ၅၊ ၁၀ ရက်လောက် ကွာတယ် ပေါ့နော်။ အဲဒီခါကျတော့ သူက ရွာငံဘက်မှာ လုပ်ငန်းတွေ ဘာတွေ လုပ်မယ် ဆိုပြီးတော့ ပြန်လာတဲ့ အချိန်မှာ ညောင်ရွှေမှာ မိသွားတယ်လို့ ပြောတယ်။ အလင်းဝင်သွားတဲ့ တစ်ယောက်က အကုန်လုံး ဖော်ထားတယ်လို့ ပြောတယ်။”

စစ်ကောင်စီဘက်ကို ဝင်သွားသည့် ရဲဘော်၏ သတင်းပေးမှုကြောင့် ကိုဂျိုကာမှာ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ဖမ်းဆီး ခံလိုက်ရခြင်း ဖြစ်သည်။ လက်ရှိတွင် ရပခ စစ်ကြောရေးစခန်း၌ နေ့စဉ်နီးပါး ညှဉ်းပန်း နှိပ်စက်ခံနေရ သည်ဟုလည်း တပ်တွင်း သတင်းအရင်းအမြစ်က ပြောသည်။

ထို့အပြင် မိသားစုဝင်များနှင့်လည်း ဆက်သွယ်ခွင့် မပေးသေးသောကြောင့် ကိုဂျိုကာ၏ လက်ရှိအခြေအနေနှင့် သတင်းအစအနပင် ပြတ်တောက်နေပြီး စစ်ကြောရေး၌ သေဆုံးသွားမှာကို စိုးရိမ်နေကြသည်။

ကိုဂျိုကာ အဖမ်းခံရပြီးနောက် ၎င်းနှင့် ပတ်သက် ဆက်သွယ်ခဲ့ဖူးသော အခြားသူများအားလုံးလည်း သတိထား သွားလာကြရန် ရွာငံ PDF ပြန်ကြားရေး တာဝန်ရှိသူ သတိပေးပြောဆိုသည်။

“ကိုဂျိုကာကြီး ဖမ်းမိသွားတယ်ဆိုတော့ Page ၂ ခုလုံး ပါသွားတာပေါ့နော်။ အဲဒီ အနေအထားမှာ ကျန်တဲ့ ရဲ ဘော်လေးတွေက သူနဲ့ ပတ်သက်တဲ့ ဖုန်းနံပါတ်နဲ့ သူရဲ့ Facebook Account စကားပြောထားတာတွေ၊ ဖုန်းနံ ပါတ် အစိမ်းနဲ့ ခေါ်လာတာမျိုး ရှိရင် သတိထားပြီး ကိုင်ဖို့၊ သတိထားပြီး နေဖို့၊ အစစအရာရာ သတိထားပြီး တော့ သွားလာ လှုပ်ရှားကြဖို့ ပြောချင်တယ်။”

လတ်တလောမှာ JPRF အဖွဲ့၏ လုံခြုံရေးအရ စစ်ရေး လှုပ်ရှားမှု သတင်းများကို ရွာငံ PDF ၏ လူမှုကွန်ယက် စာ မျက်နှာ (Facebook Page)၌သာ တင်ဆက်သွားမှာဖြစ်ပြီး ၎င်းတို့အဖွဲ့၏ Page အဟောင်းကို မဟာမိတ်များနှင့် ကူညီ ထောက်ပံ့သူများအနေဖြင့် အဆက်အသွယ် မလုပ်ကြရန်လည်း မေတ္တာ ရပ်ခံထားသည်။

အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၈ ရက်နေ့ကလည်း ရွာငံမြို့နယ်၊ အလယ်ချောင်ကျေးရွာရှိ JPRF တပ်ဖွဲ့ဝင် ကိုပြူးဆိုသူ၏ အိမ်ကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများက ဝင်ရောက်စီးနင်း ရှာဖွေခဲ့ကြသေး သည်။

ထိုသို့ ဝင်ရောက်စီးနင်းရှာဖွေချိန် ကိုပြူဆိုသူအား မတွေ့သောကြောင့် ၎င်း၏ မိသားစုဝင် ၈ ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့ကြခြင်းဖြစ်သည်။