ရှမ်းပြည် အခြေစိုက် မဲခေါင်သတင်းဌာနကို စစ်ကောင်စီက လိုင်စင်ပိတ်သိမ်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်။
ရှမ်းပြည်နယ် အခြေစိုက် မီဒီယာတိုက်တစ်ခု ဖြစ်သည့် မဲခေါင်သတင်းဌာနကို စစ်ကောင်စီက လုပ်ငန်းလိုင်စင် ပိတ်သိမ်းလိုက်သည်။
မဲခေါင်သတင်းဌာန၏ လုပ်ငန်းလိုင်စင်ကို စစ်ကောင်စီ လက်အောက်ခံ ပြန်ကြားရေး ဝန်ကြီးဌာနက ပိတ်သိမ်း လိုက်ခြင်း ဖြစ်သည်ဟု အဆိုပါသတင်းဌာနက တာဝန်ရှိသူများက ပြောသည်။
မဲခေါင်သတင်းဌာန အနေဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ-ခ ကို ချိုးဖောက်နေသည့် အတွက် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် လုပ်ငန်းလိုင်စင် ပိတ်သိမ်းခံလိုက်ရခြင်း ဖြစ်ကြောင်း မဲခေါင်သတင်းဌာန တာဝန်ခံ အယ်ဒီတာ ကိုဉာဏ်လင်းထက်က ပြောသည်။
“အဲ့ကတည်းက (စစ်အာဏာသိမ်းကာလအစ) ကျနော်တို့က ဖိနှိပ်ခံရတာပေါ့လေ။ စစ်ကောင်စီရဲ့ ဒဏ်ကို ခံရ တာ ဖြစ်တဲ့အတွက် ကျနော်တို့က သူတို့နဲ့ လွတ်ရာကင်းရာကို ပြောင်းရွှေ့ပြီးတော့ သတင်းလုပ်ငန်းကို ကိုယ့်ရဲ့ အယ်ဒီတာ မူဝါဒအတိုင်း ဆက်လုပ်နေတယ်ပေါ့လေ။ အဲတော့ ခုချိန်မှာ လိုင်စင် ပိတ်သိမ်းတယ် ဆိုတာက ဘာမှ မထူးတော့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့က လိုင်စင်ရှိနေတုန်းကလည်း တခြားဘာမှ အကာအကွယ် မရခဲ့ဘူး။ အဲတော့ လိုင်စင် ပိတ်သိမ်းတဲ့ အတွက်လည်း ဥပဒေ အကာအကွယ်တွေ အပါအဝင် တခြား ဘာမှ ဆုံး ရှုံးသွားတာ မရှိတော့ဘူး။ လက်ရှိ ဒုံရင်းက ဒုံရင်းပဲပေါ့နော်။ အဲတော့ ဖိနှိပ်တာက ဟိုးအရင်ကတည်းက ဖိနှိပ်ခဲ့ တာ ဖြစ်တယ်။ အခုမှ လိုင်စင် ပိတ်သိမ်းတယ် ဆိုတာက နောက်ထပ် ဖိနှိပ်မှု တစ်ခုပေါ့လေ။ ဒါပေမယ့် ဒီဟာက ကျနော်တို့အပေါ် သက်ရောက်မှုတော့ မရှိပါဘူး။”
စစ်ကောင်စီက မဲခေါင်သတင်းဌာနကို စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် မတ်လကတည်းက အမှုဖွင့် ကာ ဖမ်းဝရမ်း ထုတ်ခဲ့ခြင်းကြောင့် အယ်ဒီတာနှင့် သတင်းထောက်များက ဘေးလွှတ်ရာကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။
စစ်ကောင်စီ၏ လိုက်လံ ဖမ်းဆီးမှုများကြောင့် မဲခေါင်သတင်းဌာနက ဝန်ထမ်းများသည် ပြည်တွင်းရှိ လုံခြုံနိုင် သည့် နေရာများတွင် ကာလအတန်ကြာအောင် ပုန်းခိုခဲ့ရပြီး နောက်ပိုင်းတွင် သတင်းလုပ်ငန်း ဆက်လက် လုပ် ကိုင်နိုင်ရန်အတွက် ထိုင်း-မြန်မာနယ်စပ်ဘက်ကို ထပ်မံ ပြောင်းရွှေ့ခဲ့ရသည်ဟု တာဝန်ခံ အယ်ဒီတာက ဆက် ပြောသည်။
“စစ်တပ် အာဏာသိမ်းပြီးတဲ့ အခင်းအကျဉ်းမှာ စစ်ကောင်စီရဲ့ ဖိနှိပ်မှုကော၊ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကြောင့် ရော ပြည်သူလူထုဟာ လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို ပိုယုံကြည်လာတယ်ပေါ့နော်။ ဒါကြောင့်လည်း စစ် ကောင်စီက ကျနော်တို့ကို တိုက်ခိုက်တာပေါ့နော်။ အဲတော့ ကျနော်တို့ အားလုံးနီးပါးဟာ ဖိနှိပ်တာခံရလို့ ကိုယ့် နေရာကိုယ် မနေရတော့ဘူး။ ထွက်ပြေး တိမ်းရှောင်ရတယ်။ အခက်အခဲမျိုးစုံ စိန်ခေါ်မှုတွေကြားက သတင်း မီဒီ ယာ အလုပ်ကို ဆက်လုပ်နေကြတယ်။”
ယခုကဲ့သို့ လိုင်စင်ပိတ်သိမ်းခံလိုက်ရရုံဖြင့် လက်ရှိလုပ်ဆောင်နေသော သတင်းထုတ်လွှင့်မှု အပိုင်းကို မထိခိုက် စေနိုင်ဘူးဟု ဆိုသည်။
အခက်အခဲများ ကြားထဲက လွတ်လပ်သော သတင်းမီဒီယာတိုက်တခုအနေဖြင့် ပြည်သူလူထုအတွက် သတင်း အလုပ်ကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ကိုဉာဏ်လင်းထက်က ပြောသည်။
“အဲတော့ လိုင်စင်ပိတ်သိမ်းခံရတာ လောက်နဲ့ကတော့ ကျနော်တို့ကို ထိုးနှက်ချက် မဖြစ်ဘူး။ ကျနော်တို့လို အတူ လုပ်နေတဲ့ သူတွေလည်း ဒီလိုပဲ ဖြစ်ပါလိမ့်မယ်။ နောက်ပြီးတော့ အခု ချိန်မှာ အခက်အခဲတွေ၊ ဒုက္ခ ရောက်နေတာတွေ ရှိကောင်း ရှိပါလိမ့်မယ်။ ဒါပေမယ့် ကျနော်တို့ လုပ်နေတဲ့ အလုပ်က ပြည်သူလူထုကို အမှန် တကယ် အကျိုးပြုနိုင်တယ်၊ ဒီမိုကရေစီ လမ်းကြောင်းကို သွားဖို့အတွက် အထောက်အကူ ပြုနိုင်တယ်ပေါ့ နော်။ ဒီလို အခက်အခဲတွေ ကြုံရတယ်ဆိုရင်ပဲ တစ်ချိန်မှာ ပြီးသွားမှာပဲပေါ့။ ကျနော်တို့ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေဖို့ကြအတွက် တိုက်တွန်းလိုပါတယ်။”
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မဲခေါင်သတင်းဌာန၏ တိုက်ပိုင် သတင်းထောက် ၂ ဦးကို ရှမ်းပြည်နယ် အရှေ့ ပိုင်း၊ တာချီလိတ်မြို့တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး မဲခေါင်သတင်းဌာနကိုလည်း အလွတ်တန်း သတင်း ရေး သားပေးပို့နေသည့် သတင်းထောက် တစ်ဦးကိုပါ ကရင်ပြည်နယ်ဘက်ခြမ်း ထိုင်း-မြန်မာနယ်စပ် တစ်နေရာတွင် စစ်ကောင်စီတပ်က ပိတ်ဆို့ ဖမ်းဆီးခဲ့သေးသည်။
မဲခေါင်သတင်းကို ၂၀၁၉ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီ လော်ဘီများနှင့် စစ်တပ်လက် အောက်ခံ ပြည်သူ့စစ်အဖွဲ့များ၏ တိုက်ခိုက်မှုကို ခံနေရသည့် သတင်းဌာနတစ်ခုလည်း ဖြစ်သည်။