အောင်ပွဲ မဝေးတော့ ဟု NUG ယာယီ သမ္မတ ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၃ ရက်။

စစ်ရေးအရ အောင်ပွဲများရနေပြီး တော်လှန်ရေးအောင်မြင်ရန် မဝေးတော့ဘူးဟု အမျိုးသား ညီညွတ်ရေး အစိုးရ NUG ယာယီသမ္မတက ပြည်သူလူထုကို ပြောကြားလိုက်သည်။

နွေဦးတော်လှန်ရေးအတွင်း တော်လှန်ရေး အင်အားစုများဘက်က အောင်ပွဲများ အဆင့်ဆင့်ရနေခဲ့ပြီး ရှမ်းပြည် မြောက်ပိုင်းတွင် စတင်ခဲ့သည့် ၁၀.၂၇ တော်လှန်ရေး နောက်ပိုင်းမှာတွင် သိသိသာသာ အောင်ပွဲများ ရလာသည် ဟု အမျိုးသား ညီညွတ်ရေး အစိုးရ ယာယီ သမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်သည်။

“နွေဦးတော်လှန်ရေး ၃ နှစ်ကာလ အတွင်းမှာ တောင်တန်းနဲ့ ပြည်မအကြား နီးကပ်သော ပေါင်းစည်းမှုတွေကို လည်း ကျနော်တို့ အားလုံး လက်တွေ့ကျကျ လုပ်ဆောင်နိုင်ခဲ့ကြပြီ ဖြစ်ပါတယ်။ ဒီလို အချိန်ပိုင်းမှာ ရှမ်းပြည် နယ် မြောက်ပိုင်းကို ဗဟိုပြု ဖြစ်တည်လာတဲ့ ၁၀-၂၇ စစ်ဆင်ရေးဟာ ၂ လ မပြည့်ခင် အချိန်ကာလ အတွင်းမှာ မြို့ပေါင်း ၂၀ ကျော်ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီရဲ့ စခန်းပေါင်း ၄၀၀ ကျော်ကို သိမ်း ပိုက်ထားနိုင်တာ တွေ့ရပါတယ်။ ဒါဟာ ပြည်သူလူထုရဲ့ အကြီးကျယ်ဆုံးသော ခုခံတော်လှန်စစ်ရဲ့ ရလဒ်လို့ ပြော လို့ ရနိုင်ပါတယ်။”

ပြည်သူလူထုကို ပြောကြားသည့် နှစ်သစ်ကူး မိန့်ခွန်းအတွင်း ထိုကဲ့သို့ ထည့်သွင်းပြောကြားသွားခြင်း ဖြစ်သည်။

နွေဦးတော်လှန်ရေးအတွင်း အထူးသဖြင့် ၁၀.၂၇ စစ်ဆင်ရေး နောက်ပိုင်းတွင် စစ်ကောင်စီတပ်များသည် ဖရိုဖရဲ ပြိုကွဲလာနေပြီး တပ်သားအများအပြားကလည်း လက်နက်ချလာနေကြသည်ဟု ယာယီ သမ္မတက ပြောသည်။

“အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ လက်နက်ချမှုနဲ့ စခန်းစွန့်ခွာ ထွက်ပြေးမှုတွေဟာလည်း စစ်ရေး နောက်ခံ သမိုင်းမှာ မကြုံစဖူးလောက်အောင် အရေအတွက် များပြားနေတာကို တွေ့ရပါတယ်။ ၁၀-၂၇ နောက်ပိုင်း စစ် ကောင်စီ တပ်သားတွေရဲ့ လက်နက်ချ အရေအတွက်ဟာ ၅၅၀ ကျော်ရှိလာပြီလို့ ပြောနိုင်ပါတယ်။ နေ့စဉ်နဲ့အမျှ စခန်းသိမ်းတိုက်ပွဲတွေ အတွင်းမှာ လက်နက်ချတဲ့ စစ်ကောင်စီတပ်သား အရေအတွက်ဟာ တရိပ်ရိပ် တက်နေ တာကို တွေ့ရပါတယ်။ နွေဦးတော်လှန်ရေး ၃ နှစ်နီးပါး အချိန်အထိ KNU နယ်မြေအတွင်းမှာ အကြမ်းဖက် စစ် ကောင်စီ တပ်သား ၁၈,၀၀၀ ကျော်ကို ခြေမှုန်းနိုင်ခဲ့တယ်လို့ KNU က ထုတ်ဖော်ပြောဆိုထားပါတယ်။”

ထို့ကြောင့် တော်လှန်ရေး အောင်ပွဲရအောင် တော်လှန်ရေး အင်အားစုများ အားလုံး ညီညီညွတ်ညွတ်နှင့် ကြိုးပမ်း သွားကြဖို့ ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းထားသည်။

အလားတူ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌကလည်း ၎င်း၏ နှစ်သစ်မိန့်ခွန်းထဲ အောင်ပွဲများ အဆင့် ဆင့် ရလာနေခြင်းကြောင့် ၂၀၂၄ တွင် နိုင်ငံရေး အပြောင်းအလဲများ ဖြစ်လာနိုင်သည်ဟု သုံးသပ်ပြောကြားထား သည်။

အထူးသဖြင့် ၁၀.၂၇ စစ်ဆင်ရေး နောက်ပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်၊ ကရင်နီပြည်၊ ချင်း ပြည်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှာ သမိုင်းတွင် မကြုံဘူးလောက်အောင် အရှုံးပွဲများ ရင်ဆိုင်နေရသည်။

လက်ရှိတွင် တော်လှန်ရေး တပ်ဖွဲ့များက နိုင်ငံတဝှမ်းရှိ မြို့ပေါင်း ၂၀ ကျော်နှင့် စစ်ကောင်စီ၏ စခန်းကြီးငယ် ပေါင်း ၄၀၀ ကျော်ကို သိမ်းပိုက်ထားနိုင်ပြီ ဖြစ်သည်။