ပုသိမ်ထောင်မှ ဒေါက်တာလှမြတ်သွေး အပါအဝင် နိုင်ကျဉ်း ၃ ဦးသာလွတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၅ ရက်။

ပုသိမ်ထောင်တွင် ရှိနေသော နိုင်ငံရေးအကျဉ်းသားများ အနက် လွတ်လပ်ရေးနေ့ လွတ်ငြိမ်းခွင့်ဖြင့် ဧရာဝတီ တိုင်း လူမှုရေးဝန်ကြီး အပါအဝင် နိုင်ငံရေးအကျဉ်းသား ၃ ဦး လွတ်မြောက်လာသည်။

ဇန္နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့ လွတ်ငြိမ်းခွင့်ဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ က ဧရာဝ တီတိုင်း လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး နှင့် နိုင်ငံရေး အကျဉ်းသား အမျိုးသား ၂ ဦး လွတ်မြောက်သည် ဟု အကျဉ်းဦးစီးဌာနနှင့် နီးသပ်သူများက ပြောသည်။

ပုသိမ်အကျဉ်းထောင် ဝန်ထမ်းတစ်ဦးက “နိုင်ငံရေးမှု ပုဒ်မ ၅၀၅-ခ အမျိုးသမီးတစ်ဦး နဲ့ အမျိုးသား ၂ ဦး လွှတ် တယ်။ အမျိူးသမီးက ထောင်ထဲကို လက်သုံးချောင်းထောင်ပြီး ဝင်လာတဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ် သွေးပါ၊ အမျိုးသား ၂ ယောက်ကတော့ ပုသိမ်မြို့က နိုင်ငံရေးသမားတွေပါ” ဟု ပြောသည်။

ဧရာဝတီတိုင်း အစိုးရ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးကို ၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၃၀ ရက်နေ့က ပုဒ်မ ၅၀၅-ခ ဖြင့် စစ်ကောင်စီ၏ ပုသိမ်ထောင်တရားရုံးက ထောင်ဒဏ် (၂) နှစ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာလှမြတ်သွေးသည် ပုသိမ်ထောင်က လွတ်ရက်စေ့သဖြင့် လွတ်လာခြင်းဖြစ်ပြီး လက်ရှိအ‌ခြေအနေမှာ သူမအနေဖြင့် သူမ၏ ဇာတိမြို့ဖြစ်သော ငါးချောင်းမြို့မှာသာ နေထိုင်ရမှာဖြစ်ကြောင်း စစ်ကောင်စီနှင့် နီးစပ်သူ အချို့က ပြောသည်။

ဒေါက်တာလှမြတ်သွေး နှင့် နီးစပ်သူ တစ်ဦးက “ဆရာမကြီးက အတော်ပိန်သွားတယ်။ ကျန်းမာရေးကတော့ ကောင်းပါတယ်။ ထောင်ကလွတ် လွတ်ခြင်းပဲ သူမြို့ကို တန်းပြန်သွားတယ်” ဟု ပြောသည်။

ဒေါက်တာလှမြတ်သွေးသည် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှ စတင်ကာ ရေကြည်မြို့နယ်က တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံရသည့် တစ်ဦးတည်းသော NLD ပါတီဝင် အမျိုးသမီး တစ်ဦး ဖြစ်သည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၌လည်း ဆက်လက်အရွေးခံရကာ ဧရာဝတီတိုင်း အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဖြစ်လာ ခဲ့ပြီး ၂၀၂၀ ခုနှစ်မှာလည်း ရေကြည်မြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသူ ဖြစ်သည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဋ္ဌ နှင့် အစိုးရအဖွဲ့ဝင် အားလုံးကို နေအိမ် အကျယ်ချုပ်ဖြင့် နှစ် နှစ်နီးပါး ဖမ်းဆီးထားပြီး ခံဝန်များဖြင့် ပြန်လွှတ်ပေးခဲ့သည်။

သို့သော် လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ခံဝန် လက်မှတ်မထိုးခြင်း၊ သူမ၏ ဝန်ကြီးဌာနက ဝန်ထမ်း များထံ စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်ရေးစာတစ်စောင် ထုတ်ပြန်ခြင်းတို့ကြောင့် စစ်ကောင်စီ က ပြန်လွှတ် မပေးဘဲ ပုသိမ်ထောင် တရားရုံးမှ ထောင်ဒဏ် ၂ နှစ်ချခဲ့ခြင်း ဖြစ်သည်။