ကရင်နီဒေသ ကော်ယော် အမျိုးသားနေ့ ကျင်းပ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၆ ရက်။

ကရင်နီပြည်အတွင်းရှိ လူမျိုး ၉ မျိုးထဲက တစ်မျိုးဖြစ်သော ကော်ယော် (မနုမနော) လူမျိုးများ၏ အမျိုးသား နေ့ကို စစ်ရေးပဋိပက္ခများကြားက ဖရူဆိုမြို့နယ်ထဲရှိ ကော်ယော်လူမျိုးများ နေထိုင်သည့် ကျေးရွာတစ်ရွာ တွင် ကျင်းပခဲ့ကြသည်။

၂၃ နှစ်မြောက် ကျင်းပခဲ့သည့် ကော်ယော် (မနုမနော) အမျိုးသားနေ့ကို ယခုနှစ်တွင် ထူးထူးခြားခြား မိမိတို့ မျိုးနွယ်စု တပ်ဖွဲ့ဝင်များနှင့်အတူ ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။

ကရင်နီ အမျိုးသား ကာကွယ်ရေးတပ် KNDF တပ်ရင်း ၄ ၊ တပ်ခွဲ ၃ မှာ ကော်ယော် (မနုမနော) လူမျိုးများ နှင့် ဖွဲ့စည်းထားသည့် တပ်ခွဲတစ်ခု ဖြစ်ပြီး တပ်ဖွဲ့ဝင်အင်အား ၆၀ ကျော် တက်ရောက် ဂုဏ်ပြုခဲ့ကြသည်။

အခမ်းအနား ပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ လက်ရှိစစ်ရေးပဋိပက္ခများ ပြင်းထန်စွာဖြစ်ပွားနေသည့်ကြား က မိမိတို့၏ ရိုးရာယဉ်ကျေးမှုအား ထိန်းသိမ်းမှုဆက်လက်ပြီး အားကောင်းစေရန် ဆိုသည့် ရည်ရွယ်ချက်နှင့် ကျင်းပခဲ့ခြင်း ဖြစ်သည်ဟု ကော်ယော် (မနုမနော) လူမျိုးစု၏ အကြီးကဲတစ်ဦးက ပြောသည်။

“အခုပြောရမယ်ဆိုရင် အခုအမျိုးသားညီလာခံပဲ ဖြစ်ဖြစ် အမျိုးသားနေ့ကိုပဲ ကျင်းပတာပဲ ဖြစ်ဖြစ် လက် ဆင့် ကမ်းပေးနိုင်တယ်ဆိုတာ ကိုယ့်လူငယ်လူရွယ်က လူကြီးထက်နည်းနည်းတော့ စိတ်အား တက်ကြွလာ ပြီးနောက် အသိအမြင်လည်း နည်းနည်းပေါ်လာပြီ လူကြီးရဲ့ပြောစကားတွေကိုလည်း ကျင့်သုံးလာနိုင်ပြီ နောက်ဒီထက် ယဥ်ကျေးမှုဆိုပြီးတော့ ကိုယ့်လူမျိုးစုတစ်စု အနေနဲ့ ကိုယ့်အဝတ်အစားနဲ့ ကိုယ့်ယဥ်ကျေးမှု ဖော်ထုတ်တဲ့ နေရာမှာကတော့ လူမျိုးစုတစ်ခုအနေနဲ့တော့ အရသာတော့ရှိလာပြီပေါ့။ ကျနော်တို့ လူမျိုးစု တစ်စုအနေနဲ့တော့ အားတော့ကောင်းလာပြီလို့ ပြောနိုင်ပါတယ်။”

မိမိတို့ လူမျိုးအတွက် ကျရာတာဝန်ယူပြီး အကောင်းဆုံး ပေးဆပ်သွားမည်ဟုလည်း ကော်ယော် (မနုမနော) အမျိုးသမီးတစ်ဦးက ပြောသည်။

“အများကြီးတော့ မလုပ်ပေးနိုင်ဘူးပေါ့နော်. ဒါပေမယ့် ကိုယ်သာ ဒီမှာရှိနေတယ်ဆိုရင် ကိုယ့်လူမျိုးနားမှာ ရှိနေမယ်ဆိုရင်တော့ ကိုယ်တတ်နိုင်တဲ့ဘက်ကနေပေါ့ ကျန်းမာရေးဖက်မှာပဲ ဖြစ်ဖြစ် ပညာရေးဖက်ကနေ ပဲ ဖြစ်ဖြစ်၊ အဖက်ဖက်ကနေ လိုအပ်တဲ့နေရာကနေ တစ်ထောင့်တစ်နေရာ ကနေတော့ ပါဝင်ဖို့ ဆန္ဒရှိတယ် ပေါ့နော်။”

ကော်ယော် (မနုမနော) လူမျိုးစုတွေဟာ ကရင်နီပြည်၊ ဖရူဆိုမြို့နယ်ထဲတွင် အများဆုံး နေထိုင်ကြပြီး လူဦး ရေ ၃၀၀၀၀ ခန့်ရှိသည်။

လက်ရှိတွင် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ၏ အုပ်ချုပ်မှုအောက်တွင် ရှိပြီး ကိုယ်ပိုင် အုပ်ချုပ်ရေးစနစ်များနှင့် ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှုများကို ဆက်လက်ထိန်းသိမ်းထားသော လူမျိုးစု တစ်စု ဖြစ်သည်။

ကော်ယော် (မနုမနော) လူမျိုးစုထဲက လူငယ်များအနေဖြင့်လည်း မိမိတို့၏ စာပေနှင့် ယဥ်ကျေးမှုကို ဆက် လက် ထိန်းသိမ်းဆောင်ရွက်သွားကြရမည်ဟု ကော်ယော် (မနုမနော) လူငယ်ခေါင်းဆောင်တစ်ဦးက ပြောသည်။

“ကျနော်တို့ ဒီလူငယ်ပိုင်းအနေနဲ့ကျတော့ ကျနော်တို့ရဲ့ အမျိုးသားနေ့ကို နှစ်စဥ်ကျင်းပနေကြတဲ့ လူမျိုးစု အမျိုးသားနေ့ကိုတော့ နှစ်စဥ်မပြတ်တော့ ကျင်းပဖို့ရှိမယ်။ အခက်အခဲကြား အခက်အခဲရှိရင်လည်း ကျနော်တို့ လူငယ်ကနေပြီးတော့ နှစ်စဥ်မပြတ် ကျနော်တို့က ကြိုးစားပြီးတော့ လုပ်ဆောင်သွားမယ်ပေါ့ ကျနော်တို့ လူငယ်တွေ အကုန်လုံးလည်း ပူးပေါင်းပါဝင်ဖို့ရှိမယ်ပေါ့။”

၂၀၀၁ ခုနှစ်ကတည်းက ကျင်းပလာသည့် ကော်ယော်အမျိုးသားနေ့ကို ကိုဗစ်ကာလနှင့် အာဏာသိမ်းပြီး နောက်ပိုင်းတွင် အကျဥ်းချုံးသာ ပြုလုပ်ခဲ့ကြရသည်။

ကော်ယော် (မနုမနော) လူမျိုးများအနေဖြင့် ယဥ်ကျေးမှုကို စဥ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်နေကြ သည့်အပြင် စစ်အာဏာရှင်တော်လှန်ရေး၌လည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်နေကြပြီး ဖက်ဒရယ်စနစ်ကို လိုလားကြသည့် လူမျိုးစုတစ်စု ဖြစ်သည်။

၂၀၂၁ ခုနှစ် စစ်ဏာသိမ်းပြီးနောက်ပိုင်းမှ ယနေ့အချိန်ထိ စစ်အာဏာရှင်ကို တော်လှန်ရင်း တိုက်ပွဲအတွင်း ကော်ယော်လူမျိုး ရဲဘော် ၅ ဦး ကျဆုံးခဲ့သည်။

ကရင်နီပြည် အတိုင်ပင်ခံ ကောင်စီ KSCC ကလည်း ၂၃ ကြိမ်မြောက် ကော်ယော် (မနုမနော) အမျိုးသားနေ့ ကို သဝဏ်လွှာပေးပို့ခဲ့ပြီး စစ်အာဏာရှင်ကို တွန်းလှန်ရာ၌ ဆက်လက် ပူးပေါင်းပါဝင်ကြဖို့နှင့် ဖက်ဒရယ် ပြည်ထောင်စုဆီကို အတူတူလျောက်လှမ်းကြဖို့ တိုက်တွန်းထားသည်။