မူးယစ်ဆေးရောင်းသူများကို ရဲ ငွေညှစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၁၃ ရက်။
တောင်ကြီးတွင် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးရောင်းသူများကို ဥပဒေအရ ဖမ်းဆီးအရေးယူခြင်း မလုပ်ဘဲ ခြိမ်းခြောက် ငွေညှစ်တောင်းခံနေသည်ဟု မြို့ခံပြည်သူများက စွပ်စွဲ ပြောဆိုသည်။
ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့တွင် ရဲတပ်ဖွဲ့မှ ဦးဆောင်ပြီး လက်လီ မူးယစ်ဆေးဝါး ရောင်းဝယ်သူ များနှင့် လိုက်လံ ပို့ဆောင်သူများကို ထိရောက်စွာ အရေးယူခြင်းမလုပ်ဘဲ ခြိမ်းခြောက် ငွေညှစ်တောင်းခံမှုများ လုပ်နေသည်ဟု ပြောသည်။
မူးယစ်ဆေး လိုက်လံ ပို့ဆောင်သူ တစ်ဦးက “သူတို့က ဖမ်းချုပ်ပြီး တရားစွဲတာတော့ မဟုတ်ဘူး။ ငွေပဲ ညှစ် တာ။ မပေးလို့ မရဘူးနော်။ အသွင်ယူပြီး ဖမ်းနေကြတာ။ ဘယ်သူနဲ့ သိပါတယ် ဘယ်နေရာ လာပို့ပါဆိုပြီး ဖုန်း ဆက်မှာတယ်။ လာပို့တာနဲ့ ဖမ်းတော့တာပဲ” ဟု ပြောသည်။
တောင်ကြီးမြို့၊ အမှတ်(၁) ရဲစခန်းမှ နယ်ထိန်း ရဲအုပ်တစ်ဦးနှင့် ရဲသတင်းပေး (အင်ဖော်မာ) ၃ ဦး ပါဝင်သည့် အဖွဲ့သည် ဒီဇင်ဘာလ ပထမပတ်ကတည်းက စပြီး (Bar) ဘား၊ ကလပ်၊ စားသောက်ဆိုင်နှင့် ဟိုတယ် တစ်ဝိုက် နေရာများတွင် ယခုကဲသို့ လှုပ်ရှားနေကြခြင်း ဖြစ်သည်ဟု ဆိုကြသည်။
မူးယစ်ဆေး လိုက်လံပို့ဆောင်သူများကို တစ်ခါ ဖမ်းမိတိုင်း သိန်း ၁၀၀ အထိ ငွေညှစ်နေပြီး သိန်း ၃၀ နှင့် ဈေး ဆစ်၍ ရသည်ဟု ဆိုသည်။
သို့သော် လက်ကြီး ရောင်းဝယ်ရေးသမားများအား သိန်းထောင်ချီ လာဘ်ယူပြီး မျက်ကွယ်ပြုထားသည်ဟု မူးယစ် သတင်းအရင်းအမြစ်များက ပြောသည်။
လတ်တလော ဖမ်းဆီးသည့် အမျိုးအစားများ အနေဖြင့် Weed (ဆေးခြောက်)၊ WY(ယာဘ)၊ K နှင့် E စသည်တို့ ပါဝင်ပြီး တစ်ညလျှင် သိန်း ၃၀၀ ထက်မနည်း ငွေညှစ်ကြသည်ဟု ဆိုကြသည်။
ငွေညှစ်ခံရသူ ပွဲစားတစ်ဦးနှင့် နီးစပ်သူက “ဆေးရောင်းတဲ့သူပဲ မဟုတ်ဘူး။ အကုန် ညှစ်တာ။ တခါတလေ လူပြတ်တဲ့ လမ်းမှာ ကားတွေကို တားစစ်ပြီး ဆေးပြားထုပ်တွေ ပစ်ထည့်တာလည်း ရှိတယ်။ အမှုဆင် ဖမ်းတာ ပေါ့။ အားလုံး သတိထားစေချင်ပါတယ်” ဟု ပြောသည်။
၎င်း ရဲတပ်ဖွဲ့ အနေဖြင့် ညစဉ်ညတိုင်း Nissan Murano အနက်ရောင် နံပါတ် 6221 နဲ့ Crown 2004 အဖြူရောင် နံပါတ် ၄၅၀၀ စသည့်ကားများဖြင့် လှုပ်ရှားနေကြသည်ဖြစ်ရာ ပြည်သူများ အနေဖြင့် ထိုကားများကို ရှောင်ရှား သွား လာကြရန် ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူများက သတိပေးပြောဆိုထားသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ စွပ်စွဲခံရသူ ရဲအုပ်နှင့် အဖွဲ့ကို ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဆက် သွယ်၍ မရခဲ့ပေ။