ဖားကန့် အဝင်အထွက်လမ်းများကို စစ်ကောင်စီဘက်မှ တစ်ပတ်ကြာပိတ်မည်ဟုဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၁၇ ရက်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့၏ အဝင်အထွက် ကားလမ်းများအား စစ်ကောင်စီတပ်ဘက်မှ တစ်ပတ်ကြာ ပိတ် မည်ဟုသိရကြောင်း ဒေသခံများက ပြောသည်။

ဇန္နဝါရီလ ၁၆ ရက်နေ့မှ စတင်ကာ တစ်ပတ်ကြာ ပိတ်မည်ဟု သိရကြောင်း ဖားကန့် ဒေသခံတစ်ဦးက ပြော သည်။

“ဖားကန့်လမ်း တစ်ပတ်ပိတ်တာ တနေ့က စပိတ်တာလို့ ပြောတယ်။ စစ်ကောင်စီဘက်က ပိတ်ထားတာပါ။ အင်းတော်ကြီး လမ်းလည်း သွားလို့မရဘူးတဲ့။ ဆိုင်ကယ်တော့ ရလောက်တယ်။ ကားတွေပဲ မသွားခိုင်းတာ။ ဒေသခံ ဆိုင်ကယ်တွေက သွားနေကြတယ်။ အဲ့ဒါကြောင့်မို့လည်း ကုန်ဈေးနှုန်းက အရမ်း မတက်ဘူးသေးဘူး။ နည်းနည်းစီတော့ စတက်နေပြီ။ အခုက ဆန်အိတ်တွေ တနိုင်တပိုင်တော့ သယ်လို့ရနေသေးတယ်။ အဓိကတော့ ကားတွေဘဲ မသွားခိုင်းတာ။”

ဖားကန့်နှင့် နန့်ယားအကြားရှိ နမ်တိန့်တွင် ဇန္နဝါရီလ ၆ ရက်နေ့မှ စတင်ကာ ယနေ့အချိန်ထိ တိုက်ပွဲများ ဖြစ်ပွား နေသောကြောင့် ယခုကဲ့သို့ လမ်းပိတ်လိုက်ခြင်း ဖြစ်နိုင်သည်ဟု ဒေသခံအချို့က သုံးသပ်ပြောဆိုနေကြသည်။

ဒေသခံတစ်ဦးက “တိုက်ပွဲဖြစ်နေလို့ပါ။ နမ်တိန့် ဘက်မှာ တိုက်ပွဲဖြစ်နေတာ။ ဒီဖားကန့် နဲ့ နန်ယာကြားမှာ ဟို ဘက်ကလာရင် ထမင်းစား အမြဲနားရတဲ့ နေရာမှာ ဖြစ်နေတာ။ တိုက်ပွဲက ၆ ရက်နေ့ကနေ စဖြစ်တာ။ အခု လည်း ဖြစ်နေတာပဲ။ လက်နက်ကြီးသံတွေလည်း ကြားနေရတာပဲ။ တိုက်ပွဲက နေ့တိုင်းပေါ့လေ ဖြစ်နေတာ ဒီနေ့ထိပဲ” ဟု ပြောသည်။

ထိုကဲ့သို့ ဖားကန့်အဝင်အထွက်လမ်းပိုင်းများအား ပိတ်ထားသည့်အတွက် ကုန်စျေးနှုန်းများ အနည်းငယ်စီ တက်လာနေသည့်အပြင် လက်ရှိတွင် ဖားကန့်ဒေသ၌ အသားငါးများ ပြတ်နေပြီဟု ဆိုကြသည်။

ဖားကန့် အဝင်အထွက်လမ်းအား ကားများကို အဓိက ပိတ်ထားခြင်းဖြစ်ပြီး လတ်တလောတွင် ဆိုင်ကယ်များ အား စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ဖြတ်သန်းသွားခွင့်ပေးနေသေးသည်ဟု ဆိုသည်။

လက်ရှိ အခြေအနေနှင့် ပတ်သက်၍ “အခုကုန်ဈေးနှုန်းက ကြက်သားနဲ့ငါးတော့ ပြတ်နေတယ်။ ဒေသခံတွေ ကတော့ အခက်အခဲတော့ ဖြစ်ကြတာပေါ့။ အခုက ဝှေခါဘက်ကလည်း စစ်ရှောင်တွေက များတာကြီးကို ဆိုင်း တောင်မှာ အများကြီးပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဇန္နဝါရီလ ၆ ရက်နေ့က ဝှေခါကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းနှင့် စစ်ဗျူဟာကုန်းတစ်ခုအား တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် ဗုံးကြဲခြင်းနှင့် စစ်သေနတ်များဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။

နှစ်ဖက်ကြား တိုက်ပွဲဖြစ်ပြီးနောက် ဝှေခါ၊ ဂျန်ကာ၊ မှော်ဂဠုန်၊ မဂါးပင်၊ လခူးဂျောင် စသည့် ကျေးရွာများက ဒေသခံပြည်သူများမှား ဆိုင်းတောင်တွင် စစ်ဘေးရှောင်နေကြရခြင်း ဖြစ်သည်။