စစ်သင်တန်းတက်ရန် စေခိုင်းသောကြောင့် အုပ်ချုပ်ရေးမှူးများ အစုအပြုံလိုက် နှုတ်ထွက်စာတင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၁၉ ရက်။

ဧရာဝတီတိုင်း ဇလွန်မြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများကို စစ်သင်တန်းတက်ရန် စစ်ကောင်စီက စေခိုင်းနေသဖြင့် အစုအပြုံလိုက် နုတ်ထွက်စာတင်ထားကြသည်ဟု ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူး မိသားစုဝင် အချို့က ပြောသည်။

ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ် အတွင်းမှ ရပ်ကျေး အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး ၆၂ ဦးတို့သည် စစ်သင်တန်း မတက်လိုသောကြောင့် မြို့နယ်စစ်ကောင်စီထံ ဇန္နဝါရီလ ပထမပတ်အတွင်းက နုတ်ထွက်စာများ တင်ခဲ့ကြ သည်ဟု မြို့နယ် စစ်ကောင်စီ အုပ်ချုပ်‌ရေးအဖွဲ့နှင့် နီးစပ်သူအချို့က ပြောသည်။

မြို့နယ် အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက “ထွက်ခွင့်ကိုတော့ အကြောင်အမျိုးမျိုးပြပြီး တင်ကြတာပေါ့။ အများစုကတော့ ကျန်းမာရေးကို အကြောင်းပြ ကြတာပေါ့။ ထွက်ခွင့်ကို မြို့နယ်က ခွင့်ပြုလို့မှမရတာ။ အထက်ကို ဆက်တင်ပြထားရတာပေါ့။ ထွက်ခွင့်ကို အခုလို အစုလိုက်အပြုံလိုက်ကြီး မပြောနဲ့ တစ်ဦးစ နှစ်ဦး စကိုတောင် လွယ်လွယ် ခွင့်မပြုတာ။ ပုန်ကန်တာလား ဆိုပြီး အရေးယူတာတောင် ခံရနိုင်သေးတယ်” ဟု ပြော သည်။

အစုလိုက်အပြုံလိုက် ထွက်ခွင့်တင်လိုက်သည့် နောက်ပိုင်း ဇန္နဝါရီလ ဒုတိယပတ်ထဲတွင် စစ်သင်တန်းတက်ရန် ညွှန်ကြားချက်မှာ လတ်တလောတွင် ငြိမ်သွားခဲ့သည်ဟု ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ပြောသည်။

ရပ်ကျေး ရာအိမ်မှူးတစ်ဦးက “စစ်သင်တန်း ၂ ပတ်တက်ပြီးရင် တစ်လကို ငွေသုံးသိန်းလည်း ထောက်ပံ့မယ် လက်နက်ငယ်တချို့လည်း ပေးထားမယ်လို့လည်း မြို့နယ်အုပ်ချုပ်ရေးက မက်လုံးပေးထားတယ်” ဟု ပြော သည်။

ဇလွန်မြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်းကလည်း ရပ်ကျေး အုပ်ချုပ်ရေး မှူးနှင့် ရာအိမ်မှူးများကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ နှစ်ပတ်ကြာ စစ်သင်တန်းတက်ရန် စေခိုင်းမှုကြောင့် ရာအိမ်မှူး ၃၀ ကျော် နုတ်ထွက်ခဲ့ကြသေးသည်ဟု မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“စစ်ကောင်စီလက်အောက်မှာ အုပ်ချုပ်ရေးမှူး ရာအိမ်မှူးလုပ်ချင်လွန်းလို့ လာဘ်ထိုးပြီးလုပ်တဲ့ သူတွေရှိတယ်။ ပြည်သူကိုနှိပ်ကွပ်ပြီး ခေတ်ပျက်မှာ ကြီးပွားအောင် စီးပွားရှာကြဖို့လေ။ အခုတော့ ကိုယ့်ရှူးကိုယ်ပတ်ပြီး ပြေးတဲ့သူတွေ ပြေးကုန်ကြပြီ” ဟု ဇလွန်ဒေသခံတစ်ဦးက ပြောသည်။

အလားတူ ဟင်္သာတမြို့နယ်တွင်လည်း ပြီးခဲ့သောနှစ် ဒီဇင်ဘာလအတွင်းက ရပ်ကျေးအုပ်ချုပ်ရေးမှူး ၄၅ ဦး သည် စစ်သင်တန်း မတက် လိုသောကြောင့် မြို့နယ်စစ်ကောင်စီထံ နုတ်ထွက်စာများ တင်ခဲ့ကြသည်။

ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီ လက်အောက်တွင် ရပ်ကျေး အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူများ အဖြစ် လုပ်ကိုင်နေကြသူများသည် စစ်တပ်ကို ထောက်ခံသူများ၊ စစ်တပ်နှင့် ရဲသတင်းပေးများ ဖြစ်ကြပြီး ဒေသခံ ပြည်သူများကို ဖိနှိပ်ခြိမ်းခြောက်၍ ကိုယ်ကျိုးစီးပွားရှာနေကြသူများသာ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။