ပအိုဝ်းဒေသရောက် ကရင်နီ စစ်ဘေးရှောင်များ အကူအညီ လိုအပ်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၂၀ ရက်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ရောက်ရှိနေသည့် စစ်ဘေးရှောင် ၂,၀၀၀ ကျော်မှာ စားဝတ်နေရေး အကူအညီများ လိုအပ်နေသည်ဟု ဒေသတွင်း သတင်း အရင်း အမြစ်များက ပြောသည်။
အဆိုပါ စစ်ဘေးရှောင်များမှာ ဇန္နဝါရီလ ပထမအပတ်ခန့်ကတည်းက စတင်ပြီး ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်နှင့် ကရင်နီပြည်၊ လွိုင်ကော်မြို့တို့မှ ရောက်ရှိလာကြသည်ဟု စစ်ရှောင်များကို ကူညီပေးနေသူများ က ပြောသည်။
စစ်ရှောင်များအား ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက “ရောက်လာသူတွေ အကုန်လုံးက ဘာမှကို မရှိကြဘူး။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ လာကြတာ။ အိပ်စရာတောင် မပါဘူး။ မရှိကြလို့သာ ပင်လောင်း လာကြတာ။ နည်းနည်းပါးပါး ပြေလည်ရင်တော့ တောင်ကြီး၊ ညောင်ရွှေဘက် သွားကြမှာပေါ့” ဟု ပြောသည်။
ပင်လောင်းမြို့နယ်ရှိ စစ်ဘေးရှောင်များမှာ လက်လုပ်လက်စား အခြေခံ လူတန်းစားများသာ ဖြစ်၍ ကားများပင် မငှားနိုင်ကြသောကြောင့် ဆိုင်ကယ်များဖြင့်သာ ရောက်လာကြသည်ဟု ဆိုသည်။
လတ်တလောတွင် စစ်ဘေးရှောင်များမှာ စခန်းဆောက်လုပ် နေထိုင်ရန် မိုးကာ၊ ဝါးနှင့် စားနှပ်ရိက္ခာအတွက် ဆန်က ပထမ ဦးစားပေး လိုအပ်နေသည်ဟု ဆိုသည်။
အသက် ၄၀ အရွယ်စစ်ဘေးရှောင် အမျိုးသမီး တစ်ဦးက “ဒီမှာက အရမ်းအေးတယ်လေနော်။ ကျမတို့ ဒေသနဲ့ မတူတော့ အနွေးထည်တွေလည်း မရှိဘူး။ စောင်လည်း အပါးပဲ ရှိတယ်။ ဆန်ကတော့ ၂ ပြည်လောက်ပဲ ပါလာ တယ်။ ကလေးတွေက အရမ်းအေးလို့ ဖျားနေကြတယ်။ ဒေသခံတွေ နည်းနည်းပါးပါး ကူတာပဲ ရှိတယ်။ အဖွဲ့ အစည်းတွေ မရောက်ဘူး” ဟု ပြောသည်။
စစ်ဘေးရှောင်များထဲတွင် သက်ကြီးရွယ်အို၊ နာတာရှည် ရောဂါသည်များ၊ ကိုယ်ဆောင်များနှင့် နို့တိုက် မိခင်များ လည်း ပါဝင်သောကြောင့် ဆေးနှင့် ဆက်စပ်ပစ္စည်း အကူအညီများလည်း လိုအပ်နေသည်ဟု ကူညီဆောင်ရွက် ပေးနေသူများက ပြောသည်။
လတ်တလော စစ်ဘေးရှောင်များမှာ ပင်လောင်းမြို့နယ် အတွင်းရှိ နမ်းဖာမူ၊ ဆောင်လန်း (တောင်/မြောက်)၊ ကုန်းသာ၊ ကုန်းပေါ၊ ဗန်းမောက်၊ သစ်ပင်ကောက် စသည့် ကျေးရွာများတွင် နေထိုင်ကြပြီး အကူအညီများ မျှော် လင့်နေကြသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ပင်လောင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် ဇူလိုင်လမှ စ၍ NGOs (အစိုးရမဟုတ်သည့် အဖွဲ့အစည်း)၊ CSOs (အရပ် ဘက် အဖွဲ့အစည်း)နှင့် ပရဟိတအဖွဲ့အစည်းများမှာ လာရောက်ကူညီခြင်း မရှိသောကြောင့် ဒေသခံများ၏ အကူ အညီကိုသာ မှီခိုနေရသည်ဟု ဆိုကြသည်။