အိမ်ပြန်ရတော့မည်ခရီး နီးပြီလား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၂၀ ရက်။
၂၀၂၁ အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာခဲ့သည့် တိုက်ပွဲများ၊ စစ်ရေးပဋိပက္ခများကြား လူထု၏ နေရပ်စွန့်ခွာမှု၊ အထူးသဖြင့် အိမ်နှင့် ဝေးရာ ရောက်နေသည်မှာ ၃ နှစ်ရှိပြီ ဖြစ်သည်။
စစ်အာဏာသိမ်းခင်က တိုက်ပွဲများမှာ တိုင်းရင်းသးပြည်နယ်များတွင်သာ ဖြစ်ခဲ့သော်လည်း အာဏာသိမ်းပြီး နောက် တိုင်းဒေသကြီး အသီးသီးထဲရှိသည့် မြို့နယ်များတွင် ဖြစ်ပွားခဲ့သည်။
ဇန္နဝါရီလ ပထမပတ်ထဲတွင် မန္တလေးတိုင်း၊ စစ်တပ်မြို့တော်ဖြစ်သည့် ပြင်ဦးလွင်မြို့နှင့် နောင်ချိုကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ပြင်ဦးလွင်မြို့နှင့် နောင်ချိုမြို့ကြားရှိ ကျောက်မဲလေးကျေးရွာတွင် တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီ တပ်က လေယာဉ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် စစ်သား၊ အရပ်သား ထိခိုက် သေဆုံးမှု အများအပြား ရှိခဲ့သည်ဟု ဒေသခံ များက ပြောသည်။
ဒေသတွင်း သတင်းရင်းမြစ်က “ကျောက်မဲလေး ဘုန်းကြီးကျောင်းမှာ အခင်းဖြစ်တဲ့နေ့ကဆို ထိထားတဲ့လူတွေ ရော၊ သေနေတဲ့ လူတွေရောပေါ့။ ဖြစ်တဲ့နေ့ကဆို ဘယ်သူမှလည်း လာမကူနိုင်ဘူး။ လာလည်း မကောက်ရဲကြ ဘူး။ ထိထားတဲ့ လူတွေကလည်း အော်နေကြတာမျိုးပါ့” ဟု ပြောသည်။
မန္တလေးတိုင်း ပြင်ဦးလွင် မြို့နယ်အတွင်းရှိ ကျောက်မဲလေးကျေးရွာရှိ စစ်ကောင်စီတပ် စခန်းကို တအာင်း တပ်မတော် (TNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မန္တလေး) ပူးပေါင်းတပ်ဖွဲ့တို့ ဇန်နဝါရီလ ၆ရက်နေ့က သွားရောက် ပစ်ခတ်ခဲ့ပြီးနောက် နှစ်ဖက်ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ကြသည်။
“ညောင်ကုန်းကနေလည်း ပစ်တယ်။ လေယာဉ်နဲ့လည်း ကြဲတယ်။ ကျောက်မဲလေးဘက်ကို ပစ်တယ်၊ ကြဲ တယ်။ သိမ်ကုန်းလည်းမကျန်ဘူး။ လေယာဉ်နဲ့လာကြဲတာ။ တော်တော်ကြီးကို ဆိုးတယ်။ အခုထိလည်း ဘယ်သူမှ မပြန်ရဲသေးဘူး။ ဒီတိုင်းထားခဲ့ကြရတာ” ဟု ဒေသတွင်း သတင်းအရင်းအမြစ်က ပြောသည်။
ကျောက်မဲလေး၊ သိမ်းကုန်ကျေးရွာများဘက်သို့ ဇန္နဝါရီလ ၆ ရက်နေ့က စစ်ကောင်စီတပ်၏ လေယာဉ်၊ ဂျက် ဖိုက်တာများ အသုံးပြုပြီး ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် ဇန္နဝါရီလ ၇ ရက်နေ့ကလည်း လေယာဉ်များ အကြိမ်ကြိမ် ထပ်မံ ပျံဝဲနေသောကြောင့် ဒေသခံများက စိုးရိမ်နေကြသည်။
ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် ဇန္နဝါရီလ ၆ ရက်နေ့ ကျောက်မဲလေးကျေးရွာမှ ပြည်သူများ ပိတ်မိခဲ့ပြီး ပစ်ခတ်မှုများ ငြိမ်သွားချိန်တွင် ဘေးလွတ်နိုင်မည့် အခြားနီးစပ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ ဇန္နဝါရီလ ၈ ရက်နေ့ အချိန်ထိ ၎င်းတို့၏ ရွာထဲသို့ မပြန်ရဲကြသေးဟု ဆိုကြသည်။
စစ်ကိုင်းတိုင်း ကောလင်း၊ ဝန်းသို၊ ပင်လယ်ဘူး လမ်းဆုံအနီး ဒေသအခေါ် ၅ မိုင်တွင် ပြည်သူ ၁၉ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်သွားသည်ဟု ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ များက အတည်ပြု ပြောသည်။
သတ်ဖြတ်ခံရသူများမှာ စစ်ကောင်စီ စစ်ကြောင်းက ဖမ်းဆီးသွားသူများ ဖြစ်သည်ဟု ကောလင်းမြို့ နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦး က ပြောသည်။
“ကိုးဦး အလောင်းကတော့ လမ်းမကြီးပေါ်မှာ တန်းစီလျက်ပဲပေါ့နော်။ အသတ်ခံထားတာ တွေ့ရပါတယ်။ ကျန်တဲ့ အလောင်းတွေကတော့ ဘေးမှာ ပြန့်ကြဲနေတဲ့ သဏ္ဍာန်တွေ့ရတယ်လို့ သိထားရပါတယ်။”
ယခုလ ၅ ရက်နေ့တွင် ဝန်းသိုဘက်မှ ထွက်လာသော စစ်ကောင်စီ စစ်ကြောင်းသည် ဝန်းသို ခမရ ၁၂၀ တပ် ရင်း အနီး ဒေသအခေါ် ကျောက်စိမ်းဘုရားအနီး၊ ကုန်သည်များ ခရီးတစ်ထောက်နားနေသည့် နေရာသို့ ရောက်လာပြီး ထိုနေရာတွင်ရှိနေသော ခရီးသွားကုန်သည်များအား ဖမ်းဆီးသွားခဲ့ပြီး ၇ ရက်နေ့တွင် အလောင်းများကို တွေ့ရှိခဲ့ ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။
အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု၊ ရပ်ရွာများထဲ လေကြောင်းအပြင် လက်နက်ကြီး ဖြင့် ပစ်ခတ်မှု၊ လူထုအား ဖမ်းဆီး ရိုက်နှက် စစ်ဆေးမှုများကြောင့် စစ်ကိုင်းတိုင်း ကောလင်း၊ ဝန်းသို၊ ပင်လယ် ဘူး ဒေသများက ပြည်သူများလည်း ဘေးလွှတ်ရာသို့ စစ်ဘေးရှောင်နေကြရသည်။
ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ ရခိုင်၊ ရှမ်းမြောက် ဒေသများထဲက မြို့နယ်များ၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ တနင်္သာရီ၊ အစရှိသည့် တိုင်းဒေသကြီးများထဲက ဒေသခံပြည်သူများသည် ၎င်းတို့ ဒေသအတွင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခ တိုက်ပွဲများကြောင့် မိမိတို့၏ နေရပ်ကို စွန့်ခွာပြီး လုံခြုံနိုင်သည်ဟု ယူဆရသော နေရာများတွင် ခိုလှုံနေကြရသည်။
အိမ်ပြန်ခရီး မျှော်လင့်ချက် ရောင်နီ
သို့သော် မကြာမှီအချိန်တွင်းမှာ ပြည်သူလူထုများ မိမိနေရပ်သို့ ပြန်နိုင်ကြတော့မည်ဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC ဥက္ကဋ္ဌက ပြောဆိုလိုက်သည်။
ကရင်နီပြည်တွင် ပြည်နယ်၏ နေရာအများစုကို ကရင်နီတပ်ပေါင်းစုများမှ တိုက်ခိုက်သိမ်းပိုက်ထားပြီး နောက် IEC ဥက္ကဋ္ဌ ခူဦးရယ်မှ ဇန္နဝါရီလ ၁ ရက်နေ့၊ နှစ်သစ်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“ကျနော်တို့ မျှော်မှန်းတဲ့ ပန်းတိုင်ကို ရောက်ရှိဖို့ မဝေးတော့သလို စိန်ခေါ်မှုများ ဆက်လက်ရှိနေသော်ငြား လည်း မကြာမှီမှာ အရပ်ရပ်ကနေ မိမိတို့ ဇာတိချက်မြုပ်ရာ မွေးရပ်မြေကို မလွဲမသွေ ပြန်နိုင်ကြတော့မှာ ပါ။ ဒါကြောင့် ဒီနှစ်သစ်တစ်လျောက်လုံးမှာ ကျနော်တို့ အားလုံး မိမိတို့ရှိတဲ့ နေရာကနေ ဆက်လက်ပြီး စိတ်ဓာတ် ကြံ့ခိုင်မှုနဲ့ အတူ တိုက်ပွဲဝင်ကြရင်း လှေခွက်ကြီးကျန် အလှံမလဲ ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက်ဆိုတဲ့ ခံယူချက်တွေနဲ့ ဆက်လက်ပြီး အတူ ကြိုးစားရုန်းကန်ကြရအောင်လို့ တိုက်တွန်း ခွန်အားပေးချင်ပါတယ်။”
လက်ရှိ ကရင်နီပြည်၏ မြို့တော်လွိုင်ကော်ရှိ လွိုင်ကော်တက္ကသိုလ်၊ ပြည်နယ်ရဲရုံး၊ လျှပ်စစ်ဦးစီးဌာနရုံးနှင့် ပြည်နယ်ဝန်ကြီးရုံးတို့အပြင် လွိုင်ကော်မြို့၏ ထက်ဝက်ကျော်ကိုလည်း ၂၀၂၃ ခုနှစ်အတွင်း တိုက်ခိုက် သိမ်း ပိုက်ထားနိုင်ပြီ ဖြစ်သည်။
ထို့အပြင် ပြည်နယ်၏ ၈၀ ရာခိုင်နှုန်းကျော်ကို ကရင်နီတော်လှန်ရေးအဖွဲ့များမှ ဆက်လက် ထိန်းချုပ်ထား လျှက်ရှိပြီး တိုက်ပွဲများလည်း နေ့စဥ်ရက်ဆက်ဖြစ်ပွားနေသည်ဟု မြေပြင်က သတင်းအရင်းအမြစ်များက ပြောရှိသည်။
၁၁၁၁ စစ်ဆင်ရေးအတွင်း တိုက်ပွဲများ အပြင်းထန်ဆုံး ဖြစ်ပွားနေပြီး စစ်ကောင်စီ၏ လေကြောင်းနှင့် လက် နက်ကြီးများကြောင့် လွိုင်ကော်မြို့တွင် နေအိမ်ပျက်စီးမှု အများအပြားရှိနေသည်။
ထိုလွိုင်ကော်မြို့မှ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးကလည်း သူမ၏ အိမ်အပြန် မျှော်လင့်ချက်ကို ပြောပြ သည်။
“ပြန်ချင်တယ်ပေါ့။ ကိုယ့်ရပ်ကိုယ့်မြေ သူများနားမှာနေ ဘယ်လောက် ဇိမ်ထားထားလည်း ကိုယ့်အိမ် လောက် ဘယ်ဟာကမှ မကောင်းပဲနဲ့ကို။ ဒါပေမယ့် ပြန်ရင်လည်း ဘာမှမရှိတော့ဘူးဆို အဒေါ်တို့ကတော့ အခုကတည်း က ဘာမှတော့ မမျှော်လင့်ထားပါဘူးလို့။ အဒေါ်တို့ပြန်ရင်တော့ မိုးကာလေးဘာလေး လှူဖို့ တော့ စိတ်ကူးထားပေါ့။ မိုးကာလေးရှိရင် မြေကွက်လေးကတော့ ဘယ်လိုပဲ ဖြစ်ဖြစ်ရှိနေမှာပဲလေ မဟုတ် ဘူးလား တဲထိုးပြီးနေလို့ရတာပေါ့။ ငါတို့ ကယားပြည်နယ်၊ မြန်မာပြည်ငြိမ်းချမ်းဖို့ကတော့ နံပါတ်ဝမ်း ပေါ့။”
စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်ပြီး CDM လုပ်ထားသည့် ကရင်နီပြည်မှ CDM ဝန်ထမ်း တစ်ဦးကလည်း လက်ရှိ IEC ၏ အုပ်ချုပ်ရေး လုပ်ငန်းစဉ်များအပေါ် ယုံကြည်ကြောင်း ယခုကဲ့သို့ ပြောသည်။
“ယုံကြည်တယ် ကိုယ့်ပြည်နယ်ထဲက လူတွေပဲဆိုတော့ ယုံကြည်တယ်။ ပြီးတော့ ဖက်ဒရယ်ကိုလည်း မျှော် လင့်တယ်ပေါ့။ ယုံကြည်မှုအပြည့်ပါပဲ ကိုယ့်တိုင်းရင်းသား အချင်းချင်းတွေဆိုတော့ ပြန်မယ်ဆို ပြန်ဖို့ အစီ အစဥ် ရှိတယ်။ ကိုယ့်အိမ်ကိုပဲလွမ်းတယ် ဒီနှစ်တော့ သိပ်တော့မသေချာသေးဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဝန် ထမ်းလုပ်တာ သင်ခန်းစာလည်းရတယ်။ နောင်တလည်းရတယ်။ တကယ်တမ်း နိုင်ငံရေး မကောင်း တော့ နိုင်ငံရေး အပေါ်မှာပဲ ကြည့်ရမှာပေါ့။ နိုင်ငံရေး အဆင်ပြေတယ်ဆိုရင်တော့ ပြန်လုပ်ရင်လုပ်မယ်။ မဟုတ်ရင် လည်း တခြား အလုပ်ရှာရင်လည်းရှာမယ်။ အဲ့တစ်ခုက နည်းနည်းတော့ စဥ်းစားရတော့မှာပေါ့။ ပြန်လုပ် မလား မလုပ်ဘူးလားဆိုတာ ၅၀/၅၀ပဲ အဲ့လိုပဲတွေးတော့တယ်။”
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ကရင်နီပြည်သူလူထု လိုလားတောင့်တနေသည့် ဖက်ဒရယ် ဒီမိုကရေစီစနစ်အား ဆက်လက် အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဟု IEC က ပြောဆို ထားသည်။
ထို့အပြင် ၂၀၂၄ ခုနှစ်တွင် စစ်အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းပြီး အောင်မြင်သည့် နှစ်ဖြစ်အောင် စည်း လုံးညီညွတ်စွာနှင့် ဝိုင်းဝန်းကြိုးစားကြရန်လည်း ကရင်နီပြည် ကြားကာလလွှတ်တော် ဥက္ကဋ္ဌ ဦးဌေးအောင် က နှစ်သစ်မိန့်ခွန်းထဲ တိုက်တွန်း ပြောဆိုလိုက်သည်။
NUG ယာယီ သမ္မတ၏ အိမ်ပြန်ခရီးနှင့် တော်လှန်ရေးအောင်ပွဲ အာမခံချက်
စစ်ရေးအရ အောင်ပွဲများရနေပြီး တော်လှန်ရေးအောင်မြင်ရန် မဝေးတော့ဘူးဟု အမျိုးသား ညီညွတ်ရေး အစိုးရ NUG ယာယီသမ္မတက ပြည်သူလူထုကို ပြောကြားလိုက်သည်။
နွေဦးတော်လှန်ရေးအတွင်း တော်လှန်ရေး အင်အားစုများဘက်က အောင်ပွဲများ အဆင့်ဆင့်ရနေခဲ့ပြီး ရှမ်းပြည် မြောက်ပိုင်းတွင် စတင်ခဲ့သည့် ၁၀.၂၇ တော်လှန်ရေး နောက်ပိုင်းမှာတွင် သိသိသာသာ အောင်ပွဲများ ရလာသည် ဟု အမျိုးသား ညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်သည်။
“နွေဦးတော်လှန်ရေး ၃ နှစ်ကာလ အတွင်းမှာ တောင်တန်းနဲ့ ပြည်မအကြား နီးကပ်သော ပေါင်းစည်းမှုတွေကို လည်း ကျနော်တို့ အားလုံး လက်တွေ့ကျကျ လုပ်ဆောင်နိုင်ခဲ့ကြပြီ ဖြစ်ပါတယ်။ ဒီလို အချိန်ပိုင်းမှာ ရှမ်းပြည် နယ် မြောက်ပိုင်းကို ဗဟိုပြု ဖြစ်တည်လာတဲ့ ၁၀-၂၇ စစ်ဆင်ရေးဟာ ၂ လ မပြည့်ခင် အချိန်ကာလ အတွင်းမှာ မြို့ပေါင်း ၂၀ ကျော်ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီရဲ့ စခန်းပေါင်း ၄၀၀ ကျော်ကို သိမ်း ပိုက်ထားနိုင်တာ တွေ့ရပါတယ်။ ဒါဟာ ပြည်သူလူထုရဲ့ အကြီးကျယ်ဆုံးသော ခုခံတော်လှန်စစ်ရဲ့ ရလဒ်လို့ ပြော လို့ ရနိုင်ပါတယ်။”
ပြည်သူလူထုကို ပြောကြားသည့် နှစ်သစ်ကူး မိန့်ခွန်းအတွင်း ထိုကဲ့သို့ ထည့်သွင်းပြောကြားသွားခြင်း ဖြစ်သည်။
နွေဦးတော်လှန်ရေးအတွင်း အထူးသဖြင့် ၁၀.၂၇ စစ်ဆင်ရေး နောက်ပိုင်းတွင် စစ်ကောင်စီတပ်များသည် ဖရိုဖရဲ ပြိုကွဲလာနေပြီး တပ်သားအများအပြားကလည်း လက်နက်ချလာနေကြသည်ဟု ယာယီ သမ္မတက ပြောသည်။
“အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ လက်နက်ချမှုနဲ့ စခန်းစွန့်ခွာ ထွက်ပြေးမှုတွေဟာလည်း စစ်ရေး နောက်ခံ သမိုင်းမှာ မကြုံစဖူးလောက်အောင် အရေအတွက် များပြားနေတာကို တွေ့ရပါတယ်။ ၁၀-၂၇ နောက်ပိုင်း စစ် ကောင်စီ တပ်သားတွေရဲ့ လက်နက်ချ အရေအတွက်ဟာ ၅၅၀ ကျော်ရှိလာပြီလို့ ပြောနိုင်ပါတယ်။ နေ့စဉ်နဲ့အမျှ စခန်းသိမ်းတိုက်ပွဲတွေ အတွင်းမှာ လက်နက်ချတဲ့ စစ်ကောင်စီတပ်သား အရေအတွက်ဟာ တရိပ်ရိပ် တက်နေ တာကို တွေ့ရပါတယ်။ နွေဦးတော်လှန်ရေး ၃ နှစ်နီးပါး အချိန်အထိ KNU နယ်မြေအတွင်းမှာ အကြမ်းဖက် စစ် ကောင်စီ တပ်သား ၁၈,၀၀၀ ကျော်ကို ခြေမှုန်းနိုင်ခဲ့တယ်လို့ KNU က ထုတ်ဖော်ပြောဆိုထားပါတယ်။”
ထို့ကြောင့် တော်လှန်ရေး အောင်ပွဲရအောင် တော်လှန်ရေး အင်အားစုများ အားလုံး ညီညီညွတ်ညွတ်နှင့် ကြိုးပမ်း သွားကြဖို့ ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းထားသည်။
အလားတူ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌကလည်း ၎င်း၏ နှစ်သစ်မိန့်ခွန်းထဲ အောင်ပွဲများ အဆင့် ဆင့် ရလာနေခြင်းကြောင့် ၂၀၂၄ တွင် နိုင်ငံရေး အပြောင်းအလဲများ ဖြစ်လာနိုင်သည်ဟု သုံးသပ်ပြောကြားထား သည်။
အထူးသဖြင့် ၁၀.၂၇ စစ်ဆင်ရေး နောက်ပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်၊ ကရင်နီပြည်၊ ချင်း ပြည်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှာ သမိုင်းတွင် မကြုံဘူးလောက်အောင် အရှုံးပွဲများ ရင်ဆိုင်နေရသည်။
လက်ရှိတွင် တော်လှန်ရေး တပ်ဖွဲ့များက နိုင်ငံတဝှမ်းရှိ မြို့ပေါင်း ၂၀ ကျော်နှင့် စစ်ကောင်စီ၏ စခန်းကြီးငယ် ပေါင်း ၄၀၀ ကျော်ကို သိမ်းပိုက်ထားနိုင်ပြီ ဖြစ်သည်။
အဝေးတော့သည့် အောင်ပွဲအတွက် ဘုံသဘောတူညီချက်များကို ဆုပ်ကိုင်ရန် NUG ယာယီသမ္မတပြော
ထို့ကြောင့် အမျိုးသား ညီညွတ်ရေး အစိုးရ NUG နှင့် တိုင်းရင်းသား မဟာမိတ်များအကြား ဘုံသဘောတူညီ ချက်များ အတိုင်း ဆက်သွားရန် လိုအပ်သည်ဟု NUG ယာယီသမ္မတက ပြောဆိုလိုက်သည်။
အခက်အခဲ အတားအဆီးများ ရှိနေသည့်တိုင် မူလပန်းတိုင်ဖြစ်သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးနှင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းရေးကို ဆက်လက် လုပ်ဆောင် သွားကြမည် ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်သည်။
“တိုင်းရင်းသား မဟာမိတ်တပ်ပေါင်းစု စိတ်ဓာတ်ကို ကျနော်တို့ဟာ မဟာဗျူဟာ အပြောင်းအလဲနဲ့ နည်း ဗျူဟာ အလှည့်အပြောင်းတွေမှာ မြဲမြဲ ဆုပ်ကိုင်ပြီး ချီတက်ဖို့ လိုတယ်လို့ ယူဆပါတယ်။ တော်လှန်ရေး ခရီးဆိုတာ အစဉ်အမြဲ တစ်ဖြောင့်တည်း ဖြစ်နေတာ မဟုတ်ပါဘူး။ အတက်အဆင်းတွေ ရှိမှာဖြစ်သလို၊ အချိုးအကွေ့တွေကိုလည်း ကြုံကြရမှာ ဖြစ်ပါတယ်။ ဘယ်လို အခြေအနေမျိုးနဲ့ပဲ ကြုံသည်ဖြစ်စေ၊ ကျ နော်တို့ဟာ မူလပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေးနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ် ငြိမ်းရေးကို လျစ်လျှူရှုပြီး လုပ်ဆောင်မှာ မဟုတ်ဘူးဆိုတာ ကျနော်အနေနဲ့ ရဲရဲဝံ့ဝံ့ ယုံ ကြည်ပါတယ်။”
ဇန္နဝါရီလ ၁၆ ရက်နေ့တွင် ပြုလုပ်သော အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ အစိုးရအဖွဲ့ အစည်းအဝေး မိန့်ခွန်းတွင် ယာယီသမ္မတ ဒူဝါလရှီးလက ထည့်သွင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
ထို့အပြင် NUG နှင့် တိုင်းရင်းသား မဟာမိတ်များအကြား အမျိုးသားညီညွတ်ရေးကို ထိပါးစေနိုင်သော နိုင်ငံ ရေး ထောင်ချောက်များကို သတိထား ရှောင်ရှားကြရန်လိုအပ်ကြောင်း ဒူဝါလရှီးလက သတိပေးပြောဆို ထားသည်။
“အခု ၂၀၂၄ ခုနှစ်မှာလည်း တိုင်းရင်းသား မဟာမိတ်တွေနဲ့ ပိုမိုခိုင်မြဲသော နိုင်ငံရေး ဘုံသဘောတူညီချက် တွေ ဆက်လက် ရရှိနိုင်ဖို့ အမျိုးသားညီညွတ်ရေး အစိုးရ အနေနဲ့ အစဉ်တစိုက် ကြိုးစားနေရမှာ ဖြစ်ပါ တယ်။ မဟာမိတ် တော်လှန်ရေးတပ်ပေါင်းစု တည်ဆောက်ရာမှာ အကဲဆတ်တဲ့ နိုင်ငံရေး မိုင်းဗုံးတွေကို သတိထား ရှောင်ကြဉ်ကြဖို့ သတိပေးလိုပါတယ်။ ဒါ့အပြင် အမျိုးသားညီညွတ်ရေးမူကို ထိပါးစေတဲ့ နိုင်ငံရေး ထောင်ချောက်တွေကို သတိထား ရှောင်ရှားကြဖို့ အလေးအနက်ထား ပြောကြားလိုပါတယ်။”
လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေး၊ စစ်ရေး အခြေအနေများမှာ NUG အစိုးရနှင့် တိုင်းရင်းသား မဟာမိတ် ညီညွတ်ရေး တပ်ပေါင်းစုတို့အတွက် တစ်နေ့တစ်ခြား ပိုမို အရေးကြီးသော အခန်းကဏ္ဍကို ရောက်လာနေပြီ ဖြစ်ကြောင်းကိုလည်း သတိချပ်ဖို့ လိုအပ်သည်ဟု ဒူဝါလရှီးလက ပြောသည်။
ထို့ကြောင့် နွေဦးတော်လှန်ရေး၏ ဘုံရည်မှန်းချက်အတိုင်း အခွင့်သာခိုက်တွင် အတူတကွ ရုန်းကြရန် လိုအပ်ကြောင်း ဆက်လက် တိုက်တွန်းထားသည်။
တိုင်းရင်းသား မဟာမိတ်များအနေဖြင့်လည်း ပြည်သူလူထု၏ ဘေးဒုက္ခများကို မိမိတို့၏ သွေးသားကဲ့သို့ သဘောထားပြီး နွေဦးတော်လှန်ရေး ရည်မှန်းချက်ဖြစ်သော လူထုကို ကာကွယ်စောင့်ရှောက်ရန် ဆိုသည့် မူအပေါ်တွင် အခြေခံထားသည်ကို မမေ့ကြရန်လိုအပ်သည်ဟု တိုက်တွန်းပြောဆိုထားသည်။