စစ်ကောင်စီတပ်မှ စစ်သားများ တော်လှန်ရေးတပ်ဖွဲ့များထံ ပူးပေါင်းရန် လက်နက်ချ ဗိုလ်ကြီးတိုက်တွန်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၃၁ ရက်။

ကိုယ်ချင်းစာစိတ် ကင်းမဲ့သော စစ်ကောင်စီ လက်အောက်မှ အမြန်ဆုံးထွက်ပြီး ပြည်သူလူထုနှင့် ပူးပေါင်းကြဖို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ထံ လက်နက်ချ အလင်းဝင်ခဲ့သည့် ဗိုလ်ကြီးကောင်းမြတ်ကို က ၎င်း၏ လုပ်ဖော်ကိုင်ဖက်ဖြစ်ခဲ့ဖူးသော တပ်မတော်သားများကို တိုက်တွန်းလိုက်သည်။

စစ်တပ် ထိပ်ပိုင်း ခေါင်းဆောင်များက တိုက်ပွဲများထဲ ၎င်းတို့၏ သား/သမီးများ မပါသည့်အတွက် တိုက်ပွဲဝင်ပြီး သေကြေဒဏ်ရာရရှိခဲ့သော တပ်မတော်သားများအပေါ် ကိုယ်ချင်းစာစိတ် ကင်းမဲ့နေသည်ဟု ဗိုလ်ကြီးကောင်း မြတ်ကို က KNDF က ထုတ်လွှင့်ခဲ့သော ရုပ်သံ မေးမြန်းခန်းတစ်ခုတွင် ပြောဆိုထားသည်။

“ကျနော်တို့ အောက်ခြေက စစ်သည်တွေ အခုလက်ရှိမှာ ကျနော်တို့ ကျဆုံးတာတွေ ထိခုက်ဒဏ်ရာ ရတာတွေ မိသားစု ပြိုကွဲတာတွေ အသက်ဆုံးရှုံးတာတွေတော့ ရှိတာပေါ့။ တကယ်လို့သာ ကျနော်တို့ရဲ့ အကြီးအကဲတွေရဲ့ သားသမီးသာ ပါရင် ကျနော်တို့လည်း ဒါမျိုး ဖြစ်ရာ အကြောင်းလည်း မရှိပါဘူး။ သူတို့ သားသမီးတွေလည်း မပါ ပါဘူး။ ကိုယ်ချင်းစာ စိတ်လေးတော့ ထားစေချင်တာပေါ့နော။ သူတို့လည်း။ အပြစ်မဲ့ ပြည်သူလူထုတွေ ထိ ခိုက်တာတွေက ဘယ်လိုမှကို ခွင့်လွတ်လို့ရတဲ့ အရာတွေတော့ မဟုတ်ပါဘူး။”

ကိုယ်ချင်းစာစိတ် ကင်းမဲ့နေသည့်အတွက် စစ်ကောင်စီ လက်အောက်မှ ရုန်းထွက်ပြီး ပြည်သူများနှင့် အမြန်ဆုံး ပူးပေါင်းပြီး အမှန်တရားဖက်တွင် ရပ်တည်ကြဖို့ ဗိုလ်ကြီးကောင်းမြတ်ကို က တပ်မတော်သားများ တိုက်တွန်း ထားသည်။

“ဟိုဖက်မှာရှိနေသေးတဲ့ ကျနော်ညီအစ်ကိုတွေ အရာရှိ ညီအစ်ကိုတွေ အပတ်စဉ် စီနီယာ ဂျူနီယာတွေရော နောက်စစ်သည်တွေရော စစ်သည် စစ်သားအားလုံးပေါ့ အဓိကကတော့ အမှန်တရားဖက်ကနေ ရပ်တည်ပြီး တော့ ပူးပေါင်းလိုက်တာ ဆရာတို့နဲ့ ပူးပေါင်းလိုက်တာ အကောင်းဆုံးပါပဲပေါ့။ တကယ်လို့ မပူးပေါင်းဘူး ဆို ရင်လည်း စစ်ဆိုတာ မကောင်းပါဘူး။ စစ်ရဲ့ အနိဌာရုံတွေက မိသားစုပြိုကွဲတာတွေ ကိုယ်လက်အင်္ဂါ ဆုံးရှုံး တာတွေ အသက်အိုးအိမ် ပျက်စီးတာတွေ အဲ့လိုပဲ ဖြစ်လာမှာ ဖြစ်တဲ့အတွက် အကောင်းဆုံးကတော့ ပြည်သူ လူထုထံကို ဝင်ရောက်ပြီးတော့ ခိုလှုံလိုက်တာ အကောင်းဆုံးပါလို့ကျနော် တိုက်တွန်းချင်ပါတယ်။”

ကရင်နီပြည်နယ်ရှိ လွိုင်ကော် တက္ကသိုလ်ဝင်းထဲ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီ တော်လှန် ရေး တပ်ပေါင်းစုတို့အကြား ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့က စတင်ပြီး တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က ခမရ (၄၂၅) က တပ်ရင်းမှူးနှင့် ဒု-ရင်းမှူး အပါအဝင် တပ်ရင်း တစ် ရင်းလုံးနီးပါး သေဆုံးပြီး ခမရ (၆) ၏ အင်အားတဝက်နီးပါးကို ချေမှုန်းနိုင်ခဲ့သည်ဟု KNDF က ထုတ်ပြန်ထား သည်။

ထို့နောက် တပ်ခွဲမှူး ဗိုလ်ကြီးကောင်းမြတ်ကိုက စစ်ရေးအရ ရှုံးနှိမ့်နေသည့်အတွက် အထက်အရာရှိများကို စစ်ကူတောင်းခံခဲ့သော်လည်း မရသောကြောင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အလံဖြူထောင်ကာ တပ်ဖွဲ့ဝင် ၃၁ ဦးနှင့်အတူ KNDF တပ်ဖွဲ့များထံ အလင်းဝင်ခဲ့ခြင်း ဖြစ်သည်။