လေတပ်မှ ပစ်ကူပေးခဲ့သည့် မီးလောင်ချောင်းရွာတိုက်ပွဲ အရပ်သား ထိခိုက်သေဆုံးမှုများရှိ
သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်။
စစ်ကောင်စီဘက်မှ လေကြောင်းကပါ ပစ်ကူတိုက်ခိုက်ခဲ့သည့် ပုလောမြို့၊ မီးလောင်ချောင်းကျေးရွာ တိုက်ပွဲတွင် နှစ်ဘက်ထိခိုက်သေဆုံးမှုများ အပြင် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုလည်းရှိခဲ့သည်။
မီးလောင်ချောင်း စစ်ကောင်စီတပ်ဂိတ်စခန်းကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ – KNDO တပ်မဟာ (၄)၊ တပ်ရင်း (၇) မှ ဦးဆောင်ခဲ့ပြီး မြိတ်ခရိုင်အမှတ် (၁) တပ်ရင်း၊ ပုလောစစ်ကြောင်း-၁၊ တောကြီးမြွေဟောက် တပ် ဖွဲ့၊ ပုလောဒေသ ကာကွယ်ရေးတပ် PRDF၊ ဗိုလ်မိုးကြိုး အဖွဲ့နှင့် မိကျောင်းစစ်ကြောင်းတို့မှ ပူးပေါင်းပါဝင်တိုက်
ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တိုက်ပွဲအနီးအနားတွင် ရှိနေသည့် ကုန် တင်ကားပေါ်မှ ယာဥ်မောင်းတစ်ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့သည့်အပြင် တပိုကျေးရွာမှ အမျိုးသမီးနှစ်ဦး လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။
မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက “စစ်တပ်က လေယာဥ်ပစ်ကူပေးရတဲ့ အနေ အထားကိုက မြေပြင်မှာ အင်အား အလွန်နည်းနေပြီဆိုတာ သိသာ တယ်။ ဒီနှစ်အစထဲမှာတင် ကြည်းတပ်ကို ရေတပ်ရော လေတပ်ပါ ဝင်ကူပေးနေရပြီ” ဟု ပြောသည်။
ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်းမှ စစ်ကောင်စီတပ်စခန်းကို ဇန္နဝါရီလ ၃၀ ရက်နေ့ နံနက် ၅နာရီခွဲမှ စတင်တိုက်ခိုက်ခဲ့ကြပြီး နံနက် ၈နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် စခန်းကို မီးရှို့ဖျက်ဆီး နိုင်ခဲ့ကြသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်သား ၁ ဦး နှင့် ပျူစောထီး ၅ ဦးသေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့မှာ ထိခိုက်ဒဏ်ရာရသူများနှင့် အတူ မီးလောင်ချောင်းကျေးရွာ အနီးရှိ ခလရ – ၁၇ တပ်ရင်းသို့ ဆုတ်ခွာ ထွက်ပြေး သွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထို့နောက် စစ်ကောင်စီတပ်ဖွဲ့က မြိတ်မြို့မှ ရောက်ရှိလာသည့် စစ်ကူပေးသည့်အဖွဲ့နှင့် ပူးပေါင်းကာ မီးလောင် ချောင်းကျေးရွာသို့ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။
နံနက် ၈ နာရီခွဲ အချိန်ခန့်တွင် စစ်ကောင်စီလေတပ်မှ Mi -2 ရဟတ်ယာဥ် ရောက်ရှိလာပြီး စစ်လက်ဖြင့် ပစ်ခတ် ပေးခဲ့ခြင်းကြောင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး နံနက် ၁၀ နာရီအချိန်ခန့် တွင် ပြန်လည်ကာ ဆုတ်ခွာခဲ့ရသည်ဟု တိုက်ခိုက်ရာ ပါဝင်ခဲ့သူ PRDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်းဘက်မှလည်း မြိတ်ခရိုင်၊ အမှတ်(၁)တပ်ရင်းမှ အမှတ် – ၃တပ်ခွဲမှူး မိုးညို၊ ရဲဘော်ကျော်ကြီးနှင့် မဟာမိတ်တပ်များဘက်မှ တပ်ဖွဲ့ဝင် ၃ ဦးအပါဝင် စုစုပေါင်း ရဲဘော် ၅ ဦး ကျဆုံးခဲ့ သည်ဟု ဖော်ပြထားသည်။
တိုက်ပွဲအတွင်း လက်နက်ငယ် ၃ လက်၊ ကျည်ကတ်များနှင့် လက်ပစ်ဗုံးများ သိမ်းဆည်းရမိခဲ့ကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ မြိတ်ခရိုင် အမှတ် – ၁ တပ်ရင်းမှ ထုတ်ပြန်ထားသည်။
တိုက်ပွဲကြောင့် မီးလောင်ချောင်းကျေးရွာနှင့် ကြဲကျေးရွာတို့မှ ရွာသားများမှာ နီးစပ်ရာများသို့ ထွက်ပြေးတိမ်း ရှောင်နေကြရပြီး လက်ရှိတွင်အနည်းသာ ကျေးရွာသို့ ပြန်ရောက်နေကြသည်ဟု ရွာသားများက ဆိုသည်။
ဇန္နဝါရီလ ၃၁ ရက်နေ့၊ နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ မီးလောင်ချောင်းကျေးရွာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ခန့်ရောက်ရှိလာခဲ့ပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ကြသည်။
ပုလောဒေသအတွင်း ဆက်လက်၍ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားလာမည် ဖြစ်ပါသဖြင့် ပြည်သူများအနေဖြင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (ပုလော) နှင့် မဟာမိတ် တော်လှန်ရေး အင်အားစုများ၏ ထုတ်ပြန် ချက်များကို လေးစား လိုက်နာပေးကြပါရန်ကိုလည်း မေတ္တာရပ်ခံ တိုက်တွန်းထားသည်။