စာသင်ကျောင်းနှင့် အရပ်သားနေရာများအား ရည်ရွယ်ချက်ရှိရှိ စစ်တပ်က တိုက်ခိုက်နေ

သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်။

စစ်ကောင်စီသည် စာသင်ကျောင်းနှင့် အရပ်သားများ ရှိသည့်နေရာများအား ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက် နေသည်ဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC မှ ပြောသည်။

ကရင်နီပြည်၊ ဒီးမောဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ဒေါဆီးအီကျေးရွာနှင့်လွိုင်နန်းဖကျေးရွာရှိ စာသင်ကျောင်း များအား ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် စစ်တပ်က လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့ရာ ကျောင်းသား ၄ ဦး အပါ အဝင် အပြစ်မဲ့ပြည်သူ ၅ ဦး သေဆုံးခဲ့သည်။

အလားတူ အပြစ်မဲ့စစ်ရှောင်ပြည်သူ ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု IEC မှ ထုတ်ပြန်ထားသည်။

ယခုတိုက်ခိုက်မှုမှာ ရည်ရွယ်ချက်ရှိရှိ လုပ်သွားခြင်း ဖြစ်သည်ဟု IEC အထွေထွေ အတွင်းရေးမှူး ခူးပလုရယ်က ပြောသည်။

“တော်လှန်ရေး တပ်ပေါင်းစုံတွေ သူတို့ကို တိုက်ခိုက်ရင် ဒီလိုပဲ လူထုတွေက ခံရမယ်ဆိုတဲ့ အနေအထားမျိုးနဲ့ ဒီတော်လှန်ရေး တပ်ပေါင်းစုံတွေနဲ့ လူထုကြားမှာလည်း အထင်မြင်မှားမှုတွေ ရှိအောင် ဖန်တီးတဲ့ ပုံစံမျိုးလည်း ဖြစ်တယ်လို့ သုံးသပ်တယ်။ ဒါသူတို့ သုံးနေကျ မသမာတဲ့ စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းတဲ့ နည်းလမ်းတွေ ပေါ့ နော်။ အဲ့လိုမျိုး ဖန်တီးနေတယ်လို့လည်း ပြောလို့ရတာပေါ့နော်။”

စစ်လေယာဉ်သုံး ဗုံးကြဲမှုကြောင့် ကျောင်းဆောင်တစ်ခုလုံးလည်း ပြိုကျပျက်စီးသွားသည်ဟု ဒီးမောဆို အနောက်ဘက်ခြမ်းက စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်တပ်က လေယာဉ်နှင့် မပစ်ခင်က ကင်းထောက်လေယာဉ်များ အရင်လာရောက်ပျံဝဲခဲ့ကြောင်း အဆိုပါ ဒေသ ရှိ စစ်ရှောင်များက ပြောသည်။

စစ်ကောင်စီသည် ဒေသခံပြည်သူများနှင့် တော်လှန်ရေးတပ်တို့ အကြား သွေးကွဲစေရန် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု CDM ဗိုလ်ကြီး ဖြိုးပြည့်က ပြောသည်။

“အဓိက ရည်ရွယ်ချက်ကတော့ သူတို့ကို တိုက်ခိုက်နေတဲ့ အင်အားစုတွေနဲ့ ဒေသခံပြည်သူလူထုတွေနဲ့ ရန်တိုက် ပြီးတော့ သူတို့ ခုခံတွန်းလှန်နေတဲ့ အင်အားစုတွေ အင်အား လျှော့နည်းသွားအောင်ရယ် သွေးကွဲသွားအောင်ရယ် ဝါဒဖြန့်တယ်။ ဆိုက်ဝါးတွေထည့်တယ်။ အဲ့လိုသဘောပါ။ သူတို့ဆီမှာရှိတဲ့ တယ်လီဂရမ်ချယ်နယ်တွေ အခြား ချယ်နယ်တွေမှာ အဲ့ဒီဟာတွေနဲ့ သူက ဝါဒပြန်ဖြန့်တာလေ။ နှစ်မျိုး သုံးမျိုးလောက် သုံးလို့ရတယ်။”

CDM ဗိုလ်ကြီး ဖြိုးပြည့်က “အဲ့ဒါကြီးကို လုပ်ပြီး အဲ့ဒီအမှုကြီးတွေ လုပ်ပြီးသွားရင် ဟိုဘက်ကို ချောက်ထိုးချ တယ်။ ဟိုကောင်လုပ်တာ ဒီကောင်လုပ်တာ အဲ့လိုပေါ့။ ဟိုအဖွဲ့အစည်း ကျူးလွန်တာ ဒီအဖွဲ့အစည်းက ကျူး လွန်တာဆိုပြီး သူတို့က ဗြောင်လိမ်ဗြောင်စား လုပ်ကြတာပေါ့” ဟု ပြောသည်။

ဒီးမော့ဆိုအနောက်ဘက်ခြမ်းက ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခံလိုက်ရသည့် စာသင်ကျောင်းမှာ အလယ်တန်း ကျောင်းဖြစ်ပြီး ကျောင်းသား အယောက် ၂၀၀ ကျော် ပညာသင်ကြားနေသည်။

တော်လှန်ရေးကာလ ၃နှစ်တာအတွင်း စစ်ကောင်စီ၏ နည်းလမ်းမျိုးစုံဖြင့် သတ်ဖြတ်မှုကြောင့် အသက် ၁၈ နှစ် အောက် ကလေးငယ် အယောက် ၆၃၀ ကျော်သေဆုံးခဲ့ပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းပေါင်း ၅၂ ကျောင်းပျက်စီးခဲ့ရသည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရ NUG ၏ ဖေဖော်ဝါရီလ ၅ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။