ညောင်ရွှေရောက် စစ်ရှောင် ၅၀၀ ကျော်အတွက် အကူအညီများလိုအပ်နေ

သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်ကို ရောက်ရှိလာကြသည့် ဆီဆိုင် စစ်ဘေးရှောင် အယောက် ၅၀၀ ကျော်အတွက် အရေးပေါ် အကူအညီများ လိုအပ်နေသည်။

လတ်တလော ညောင်ရွှေမြို့တွင် နေထိုင်နေကြသူများမှာ ဆီဆိုင်မြို့ခံပြည်သူများသာ မကဘဲ ဆီဆိုင်မြို့မှာ လာရောက်ခိုလှုံနေသည့် ကရင်နီ စစ်ဘေးရှောင်များလည်း ပါဝင်ပြီး ဇန္နဝါရီလ တတိယပတ်၌ ရောက်လာကြ ခြင်း ဖြစ်သည်။

စစ်ရှောင်များအား ကူညီဆောင်ရွက်ပေးနေသည့် ညောင်ရွှေမြို့နေ အသက် ၄၀ အရွယ် အမျိုးသား တစ်ဦးက ယခုကဲ့သို့ ပြောသည်။

“မြို့ပေါ်က အိမ်တွေရယ်၊ ဘုရားရယ်ပေါ့နော်။ ဘုရားနဲ့ တွဲရက်ထားတဲ့ နိဂြောဓာရုံ ကျောင်းဆိုရင် ကျောင်း လည်း ဟုတ်တယ်။ အဲဒီမှာက လုံးဝ လက်မခံဘူး။ အခုက မဖြစ်မနေမို့လို့ လက်ခံထားပေးတာ။ ဘုန်းကြီး ကျောင်းမှာပဲ စားသောက်ပေါ့ဗျာ့။ ခုပြောတဲ့ နိဂြောဓာရုံကျောင်း ဆိုရင်လည်း နဲနဲ သိပ်အဆင်မပြေတဲ့ ကျောင်းလို့ ပြောလို့ရ တယ်လေ။ တချို့ ဘုန်းကြီးကျောင်း၊ တချို့ကြတော့လည်း ဇရပ်တွေဘာတွေ၊ တချို့ လည်း အိမ်တွေမှာ ပေးနေ ထားတာပေါ့ဗျာ့ အဲလိုမျိုးတော့ ရှိတယ်။ ငှားဖို့လည်း အဆင်မပြေဘူးလေ။ ရှင်း ရှင်းပြောရရင် ပိုက်ဆံလည်း မရှိ ကြဘူးပေါ့ဗျာ။”

ဇန္နဝါရီလ ၂၁ ရက်နေ့၌ ဆီဆိုင်မြို့နယ်ထဲ တိုက်ပွဲများ စတင်ဖြစ်ပွားလာပြီးနောက် ဇန္နဝါရီလ ၂၃ ရက်နေ့ ကတည်းက စစ်ရှောင်ရောက်ရှိလာကြခြင်း ဖြစ်သည်။

စစ်ဘေးရှောင်များအတွက် ဦးစားပေးအနေဖြင့် လိုအပ်နေသည့်အရာများမှာ အမျိုးသမီး လစဉ်သုံး ပစ္စည်းများ ဖြစ်ပြီး ဆီ၊ ကြက်ဥနှင့် စားနပ်ရိက္ခာခြောက်များဖြစ်သည်ဟု ဆိုကြသည်။

ဆန်အတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ လှူဒါန်းပေးထားသည့် အပြင် အဝတ်အစားအတွက်လည်း မြို့ခံများက အကူအညီပေးထားသည်ဟု ဆိုကြသည်။

မြို့ခံတစ်ဦးက “ဘုန်းကြီးကျောင်းက ကျနော်သိရသလောက် ၂ ခုရှိတယ်ဗျာ့။ ဘုန်းကြီးကျောင်းရယ်လို့တော့ မဟုတ်ဘူး။ ဘုရား ပေါ့ဗျာ့။ ဿံဃာကတော့ ၁၀ ပါး ၁၅ ပါးလောက်ပဲ ရှိတဲ့ နေရာပေါ့ဗျာ။ ဟိုလို စာသင် တိုက်တော့ မဟုတ်ဘူးလေ။ အဲဒီမှာတော့ ခဏတဖြုတ်နေတယ်။ ဘုန်းကြီးမှာ ဝေယျာဝစ္စလုပ်ရင်းနဲ့ ဘုန်းကြီး အကျတွေ စားပေါ့ဗျာ” ဟု ပြောသည်။

ဆီဆိုင်တွင် စစ်ဘေးရှောင် အယောက် ၅၀၀ နီးပါးခန့်ရှိပြီး သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်နှင့် ကလေးသူငယ်များ အများစု ဖြစ်သောကြောင့် အာဟာရပြည့်ဝစွာ စားသုံးနိုင်ရေးအတွက်လည်း ကူညီထောက် ပံ့မှုများ လိုအပ်နေကြသည်။

ညောင်ရွှေမြို့တွင်လည်း စစ်ဘေးရှောင်ဦးရေ ၆,၀၀၀ ကျော်ခန့်ရှိနေသည်။ ၁၁.၁၁ စစ်ဆင်ရေးကြောင့် နိုဝင်ဘာ လကတည်းက ရောက်ရှိနေသည့် ကရင်နီ စစ်ဘေးရှောင်များက သတ်မှတ်ပေးထားသော စင်တာများ၌ နေထိုင် ကြပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများက ထောက်ပံ့ပေးထားသည်။

ယခင်ကတည်းက ညောင်ရွှေကိုရောက်နေသော စစ်ရှောင်များထက် ယခု ထပ်ရောက်လာသည့် ဆီဆိုင်က စစ်ဘေးရှောင်များမှာ အကူအညီများ ပို၍လိုအပ်နေသည်ဟု ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။