မြိတ်တွင် လေယာဉ်လက်မှတ်ကို ထောက်ခံစာဖြင့် ဝယ်ရမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်။
မြိတ်မြို့တွင် လေယာဉ်လက်မှတ်ဝယ်ယူခြင်းနှင့် လေယာဉ်စီးခြင်းများအတွက် မြို့နယ်၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ပါရှိမှ ရောင်းချပေးရန် ညွှန်ကြားထားသည်ဟု မြိုတ်မြို့ရှိ လေယာဉ်လက်မှတ် ရောင်းချသူများက ပြောသည်။
လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန မြိတ်လေဆိပ်တာဝန်ရှိသူက ဖေဖော်ဝါရီလ ၉ ရက်နေ့ ရက်စွဲဖြင့် စာပို့အကြောင်းကြားခြင်းဖြစ်သည်ဟု ဆိုသည်။
အကြောင်းကြားစာအတွင်း ဝန်ထမ်းမှအပ ပြည်သူများ လေယာဉ်လက်မှတ်ဝယ်ယူပါက သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူး ထောက်ခံချက်ပါမှ ရောင်းချရမည်ဟု ဖော်ပြထားသည်။
အွန်လိုင်းမှ လက်မှတ်ဝယ်ယူသူများ အနေဖြင့်လည်း ထောက်ခံစာကို လေဆိပ်သို့ယူဆောင်လာရမည် ဖြစ်ကြောင်း ညွှန်ကြားချက်တွင် ရေးသားထားသည်။
လေယာဥ်လက်မှတ်ကိုယ်စားလှယ်ရောင်းချသူ တစ်ဦးက “ကားလမ်းကို သွားရမှာ ကြောက်တဲ့သူတွေ အတွက် အခက်အခဲတစ်ခု ဖြစ်တာပေါ့။ မဖြစ်မနေသွားဖို့ လိုတဲ့သူ တွေ ဆေးကုသွားရမဲ့သူတွေ အကုန်လုံးပါပဲ။ ပြီး တော့ တနိုင်ငံလုံး အကြောင်းကြားတာမျိုး မဟုတ်ဘဲ မြိတ်မြို့ တစ်ခုထဲ ကွက်ပြီး ညွှန်ကြားတာဆိုတော့ အကြောင်းတော့ ရှိမယ်ထင်တယ်” ဟု ပြောသည်။
အခြားပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ ခရီးသွားပြည်သူများအနေဖြင့် မြိတ်မြို့သို့ လေကြောင်း ခရီးဖြင့် လာပြီး လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာပါက ထောက်ခံစာမလိုအပ်ဘဲ လေယာဉ်ပေါ် တက်ခွင့်လက်မှတ် အလာ (Boarding Pass) ကို ပြသရန်သာ လိုအပ်ကြောင်းသည်ဟု ဆိုသည်။
ယခင်က လေယာဉ်ဖြင့် ခရီးသွားမည်ဆိုပါက နိုင်ငံသား စိစစ်ရေးကပ်ပြားသာ မဖြစ်မနေ ပြသရန်လိုအပ်သည်။
ထားဝယ်နှင့် ကော့သောင်းမြို့များတွင် လေယာဉ်လက်မှတ် ရောင်းချရာတွင် ထောက်ခံစာဖြင့် ရောင်းချစေခြင်း မျိုး ယနေ့အချိန်ထိ ညွှန်ကြားခြင်းမရှိသေးဘဲ မြိတ်မြို့တစ်မြို့တည်းသာ ညွှန်ကြားထားခြင်းဖြစ်ကြောင်း လေယာဥ်လက်မှတ် ကိုယ်စားလှယ် ရောင်းချသူအချို့က ဆိုသည်။