ပုသိမ်တက္ကသိုလ် ကောလိပ်က ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ စစ်မှုထမ်းရမည်
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်။
ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ပုသိမ်တက္ကသိုလ်၊ ကောလိပ် နှင့် နည်းပညာ တက္ကသိုလ် ဆရာ ဆရာမများ၊ ကျောင်းသူကျောင်းသားများကို လိုအပ်ပါက စစ်မှုထမ်းရမည်ဟု ပြောဆိုခဲ့ကြောင်း ပုသိမ် ပညာ ရေး ကောလိပ်မှ ဆရာ/မများက ပြောသည်။
စစ်ကောင်စီအဖွဲ့ဝင်လည်းဖြစ် ဧရာဝတီတိုင်း စစ်ကောင်စီအဖွဲ့ ဝန်ကြီးချုပ်လည်း ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး ဟောင်းတင်မောင်ဝင်းက ပုသိမ်တက္ကသိုလ်ဝန်းအတွင်း ဖွင့်လှစ်နေသည့် တက္ကသိုလ်၊ ကောလိပ်၊ နည်းပညာ တက္ကသိုလ် ဆရာ၊ ဆရာမများ ကျောင်းသူ၊ ကျောင်းသားများ၏ အခြေခံ စစ်ပညာသင်တန်းတွင် ဖေဖော်ဝါရီလ ၅ ရက်နေ့က ပြောကြားခဲ့ခြင်း ဖြစ်သည်။
“တပ်မတော်အနေနဲ့ တိုင်းပြည် အေးချမ်းရေး အတွက် အကြမ်းဖက်တွေကို နှိမ်နင်းနေတာ ဖြစ်ပြီး မည်သူ မဆို စစ်ပညာသင်ကြားပြီး လိုအပ်ပါက စစ်မှုထမ်းကာ တပ်မတော်နဲ့ လက်တွဲပြီး အကြမ်းဖက် သောင်းကျန်းသူတွေ ကို နှိမ်နင်းကြရမယ်” ဟု ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း တင်မောင်ဝင်းက သင်တန်းတွင် ပြောဆိုခဲ့သည်။
စစ်ကောင်စီ၏ ဝါဒဖြန့် လူမှုကွန်ယက် စာမျက်နှာအချို့တွင် ပုသိမ် တက္ကသိုလ်၊ ပညာရေးကောလိပ်၊ နည်းပညာ သိပ္ပံ တက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ်က ဆရာ၊ ဆရာများနှင့် ကျောင်းသူ၊ ကျောင်းသားများက မိမိတို့ ဆန္ဒ အလျှောက် စစ်သင်တန်း တက်ရောက်ကြသည်ဟု ဓါတ်ပုံများတင်ပြီး ဝါဒဖြန့်နေသည်။
NUG၊ PDF နှင့် တိုင်းရင်းသား လက်နက်ကိုင်အချို့က မူးယစ်ဆေး လုပ်ငန်းများ လုပ်ကိုင်ပြီး မြို့ ရွာများကို မီးရှို့ ဗုံးခွဲ လူသတ် အကြမ်းဖက် လုပ်ရပ်များ လုပ်နေကြောင်း ယင်းကဲ့သို့ အကြမ်းဖက် လုပ်ရပ်များ မလုပ်ရန်လည်း ဝန်ကြီးချုပ်က သတိပေးသွားသည်ဟု ဒေသခံ သတင်းအရင်းအမြစ်က ပြောသည်။
အခြေခံ စစ်ပညာသင်တန်း တက်နေသည့် တက္ကသိုလ် ကျောင်းသူတစ်ဦး က “ကိုယ်ဆန္ဒနဲ့ကိုယ် တက်ချင်လွန်း လို့ တက်တာလည်း မဟုတ်ဘူး။ မအလ တပ်ထဲလည်း ဝင်တာလည်း မဟုတ်ဘူး။ မအလရဲ့ တပ်မှာ ဘယ်တော့ မှလည်း စစ်မှုမထမ်းနိုင်ပါဘူး။ ဆရာမက စစ်သင်တန်း တက်ပေးပါ ပြောလာ တာကြောင့် ဆရာမကို အားနာ လို့ တက်တာ” ဟု ပြောသည်။
ပုသိမ် ပညာရေး ကောလိပ်က နည်းပြ ဆရာ၊ ဆရာမများ နှင့် ဆရာ၊ ဆရာမလောင်း အများစုက မဖြစ်မနေ တက်နေကြရခြင်း ဖြစ်ပြီး ကျန်တက္ကသိုလ်များက ဆရာ၊ ဆရာမ နှင့် ကျောင်းသား၊ ကျောင်းသူများလည်း ကျောင်းအုပ်ကြီးများက တက္ကသိုလ်အလိုက်၊ မေဂျာအလိုက် ခွဲတန်းချပေးပြီး စစ်သင်တန်း တက်ခိုင်းခြင်း ဖြစ်သည်ဟု တက္ကသိုလ်မှ ဆရာမတစ်ဦးက ပြောသည်။
စစ်ကောင်စီက တော်လှန်ရေး အင်အားစုများနှင့် တိုက်သော စစ်မျက်နှာတိုင်း၌ မြို့ရွာများရှိ စစ်စခန်းကြီးငယ် များကို လက်လွှတ် ဆုံးရှုံးနေရပြီး အလင်းဝင် လက်နက်ချသူ၊ တိုက်ပွဲကျ၊ CDM လုပ်သူ၊ တပ်ကထွက်ပြေးသူ များပြားလာနေသည်။
ထို့အပြင် ယခင်ကတည်းက တပ်ရင်းအလိုက် ရှိရမည့် စစ်သည် အင်အားကို မဖွဲ့စည်းခဲ့ခြင်းကြောင့် လိုအပ်လာ သော စစ်သည်အင်အားကို နည်းမျိုးစုံဖြင့် စုဆောင်းနေရ သည်ဟု အငြိမ်းစား တပ်ကြပ်ကြီးဟောင်း ဦးလှထွေး က ပြောသည်။
စစ်ကောင်စီက ဖွင့်လှစ်ပြီး အနောက်တောင်တိုင်း စစ်ဌာနချုပ်က နည်းပြများ သင်ကြားပေးသည့် ထို အခြေခံ စစ်ပညာသင်တန်းမှာ လက်နက်မဲ့ အခြေခံ စစ်ပညာနှင့် လက်နက်ငယ် စစ်ပညာတို့ကို ဖေဖေါ်ဝါရီလ ၅ ရက်နေ့ မှ စတင်ကာ နှစ်ပတ်ကြာသင်ကြားမှာ ဖြစ်ပြီး တက်ရောက်သူ သင်တန်းသူ/သား ၁၁၆ ဦး ရှိသည်ဟု စစ်ကောင် စီ၏ ဝါဒဖြန့် လူမှုကွန်ရက် စာမျက်နှာ အချို့တွင် ဖေါ်ပြထားသည်။