တနင်္သာရီတွင် ရွာသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်။

တနင်္သာရီမြို့နယ် အတွင်း လူငယ်တစ်ဦး မြေမြုပ်မိုင်း နင်းမိကာ သွေးထွက်လွန် သေဆုံးသွားခဲ့သည်ဟု ရွာသားများက ပြောသည်။

အောက်ကင်းကျေးရွာနေထိုင်သူ အသက် ၂၄ နှစ်အရွယ် ကိုနေဇော်ဦးသည် အရှေ့မော်တုန်းကျေးရွာအုပ်စု မြို့ဟောင်းရွာရှိ အဒေါ်ဖြစ်သူနေအိမ်ကို သွားရောက်စဉ် စစ်ကောင်စီအမြောက်တပ် အနီးရှိ လယ်ကွင်းကို ဖြတ်သွားချိန် မိုင်းနင်းမိခဲ့ခြင်း ဖြစ်သည်။

အသက် ၄၀ ခန့်အရွယ် ရွာသားတစ်ဦးက “ညက အရမ်းနာလို့အော်နေတဲ့အသံကို ကြားရတယ်။ ရွာသားတွေက လည်း သွားယူရင် မိုင်းထပ်နင်းမိမှာ ကြောက်ပြီး ဘယ်သူမှ မသွားရဲကြဘူး” ဟု ပြောသည်။

ကိုနေဇော်ဦးမှာ စစ်ကောင်စီ၏ အမြောက်တပ်အနီးတွင် ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့ ညနေ ၆ နာရီခွဲ အချိန်ခန့်က မိုင်းနင်းမိပြီး သေဆုံးသွားခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ရွာသားများက အမတ – ၃၀၆ တပ်ရင်းကို ဖုန်းဆက် အကြောင်းကြားခဲ့သော် လည်း တပ်ရင်းဘက်မှ သွားမကြည့်ရန်နှင့် မိုင်းထပ်ထိမှန်ပါကလည်း တာဝန်မယူနိုင်ကြောင်းသာ ပြန်ပြော
ခဲ့သည်ဟု မြို့ဟောင်းရွာသားတစ်ဦးက ပြောသည်။

ထို့နောက် ဖေဖော်ဝါရီ ၁၆ ရက်နေ့၊ နံနက်ပိုင်းတွင် အမတ – ၃၀၆ တပ်ရင်းမှ သွားကြည့်လို့ရပြီဖြစ်ကြောင်း အကြောင်းကြားသည့်အတွက် ရွာသားများ သွားရောက်ကြချိန်တွင် မိုင်းနင်းမိသူ ကိုနေဇော်ဦးကို အသက် သေဆုံးလျှက်တွေ့ခဲ့ရသည်ဟု ဆိုသည်။

ကိုနေဇော်ဦးတွင် ညာခြေဖမိုးမှ အဖျားပြတ်ထွက် ဒဏ်ရာသာရရှိခဲ့ပြီး ခြေထောက်တွင် ၎င်းကိုယ်တိုင်က အဝတ်စဖြဲပြီး စည်းထားသည့်ပုံစံကို တွေ့ရကြောင်း၊ အချိန်မီ မကယ်တင်နိုင်ခဲ့သည့် အတွက် သွေးထွက်လွန်၍ သေဆုံးခဲ့ရခြင်းဖြစ်နိုင်သည်ဟု ရွာသားများက ပြောသည်။

အရှေ့မော်တုန်းကျေးရွာအုပ်စု အမတ – ၃၀၆ တပ်ရင်း အနီး မိုင်းနင်းမိသူ ကိုနေဇော်ဦး အပါအဝင်ဆိုပါက ရွာသား ၃ ဦး အထိရှိနေပြီ ဖြစ်ကြောင်း ဆိုသည်။

အရှေ့မော်တုန်းကျေးရွာ အုပ်စုအတွင်းမှ ကျေးရွာများတွင် နေထိုင်သည့် ရွာသားများ၏ ပြောပြချက်အရ ပေါက် ကွဲခဲ့သည့် မိုင်းများမှာ အမတ – ၃၀၆ တပ်ရင်းမှ ထောင်ထားသည့်မိုင်းများသာ ဖြစ်သည်ဟု ဆိုကြသည်။

သို့သော် အဆိုပါကိစ္စနှင့်ပတ်သက်၍ သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင် ခြင်း မရှိသေးပေ။