ဒီးမော့ဆို အနောက်ဘက်ခြမ်းက စစ်ရှောင်များ သောက်သုံးရေ အခက်အခဲဖြစ်

သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်။

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်များ သောက်သုံးရေ အခက်အခဲဖြစ်နေ ကြသည်။

ရေရှားပါးမှုနှင့် ကြုံနေရသည့် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်များအတွက် ရေအလှူရှင် များ ရှိသော်လည်း ရေလုံလောက်မှု မရှိသောကြောင့် ခွဲတမ်းနှင့်သာ ရေကို ပေးဝေနေရသည်ဟု စစ်ဘေးရှောင် အရေး ကူညီဆောင်ရွက် ပေးနေသည့် အသင်းအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

ကရင်နီလူမှုကူညီရေးအသင်း (Karenni Humanitarian Team-KHT) တာဝန်ရှိသူက “ရေလာပြီဆိုတာနဲ့ အလု အယက် ခပ်ကြတယ်ပေါ့နော်။ တစ်ယောက်ကို ရေပုံး ငါးဂါလံလား၊ ငါးဂါလံမဟုတ်ရင် သုံးဂါလံပဲ ခပ်ခွင့်ပေး တယ်။ သူတို့ဆိုရင် အနိမ့်ဆုံး တစ်လလောက်မှ ရေတစ်ခါချိုးရတယ်။ ရေအလှူရှင်ကတော့ ရှိတော့ ရှိတယ်။ ဒါ ပေမဲ့ မလောက်ဘူးခင်ဗျ။ အဲ့လိုမျိုးပေါ့နော်” ဟု ပြောသည်။

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် စစ်ဘေးရှောင်တစ်သိန်းကျော် ခိုလှုံနေပြီး နှစ်စဉ်နှစ်တိုင်း နွေရာသီ ရောက်လာသည်နှင့် ရေရှားပါးမှုကို ကြုံနေကြရသည်။

ယခု သောက်သုံးရေ အခက်အခဲဖြစ်နေကြသည့် စစ်ဘေးရှောင်များမှာ ကရင်နီပြည်နယ်ထဲရှိ မြို့နယ်၊ ကျေးရွာ များမှ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းသို့ လာရောက် စစ်ရှောင်နေရသည်မှာ သုံးနှစ်နီးပါး ရှိပြီဖြစ်သည်။

စစ်ဘေးရှောင်စခန်းများ၌ ရေလုံလောက်မှုမရှိသောကြောင့် သန့်စင်ခန်း (အိမ်သာ) အတွက်ပင် ရေ မထည့်နိုင်ကြ ဘူးဟု KHT တာဝန်ရှိသူက ဆက်ပြောသည်။

“အမှန်အတိုင်းပြောရရင် ပွင့်ပွင့်လင်းလင်းပြောရင် အိမ်သာတက်မယ်ဆိုလည်း ရေမရှိဘူး။ ဆိုရင် တောတိုးပြီး တုတ်နဲ့ပဲ သွားလိုက်တာပေါ့။ ကျနော်တို့တောင်မှ ကျနော်တို့ လှူတဲ့ အလှူရှင်တွေတောင်မှ စစ်ရှောင်စခန်းတွေ သွားတဲ့အခါမှာ အိမ်သာတက်တဲ့အခါမှာ ရေမရှိဘူးဆိုရင် ဒီလိုပဲ တောတိုးလိုက်တာပဲပေါ့။”

စစ်ရှောင်အိမ်ထောင်စု ၇၀၀ ရှိနေသည့် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ပန်ပက်ကျေးရွာ၌လည်း ရေသယ်ယူပို့ဆောင်စရိတ်က ကြီးလွန်းသောကြောင့် စစ်ရှောင်များအား ရေလိုသလောက် မပေးဝေနိုင်ဘူးဟု အကူအညီပေးနေသူများက ပြောသည်။

စစ်ရှောင်စခန်း တာဝန်ရှိသူ တစ်ဦး “အဓိက ရေရှားပါးတဲ့ ပြဿနာကို ပြောပါဆိုရင် ပီကင်းတို့ လအိတို့ လသိမ်တို့ အဲ့ကနေ ဆက်လာပြီဆိုရင် လိုပူပေါ့နော်။ လိုပူစစ်ရှောင်စခန်းဆိုရင် ၁ ကနေ ၆ အထိ ရှိတယ်ပေါ့ နော်။ အဲ့တစ်ကြောလုံး ရေရှားပါးမှု ပြဿနာကို ရေရေလည်လည် ကြုံရတယ်။ ရေကန်တွေကို ကြည့်လိုက် ကြည့်လိုက် ရေက လုံးဝမရှိဘူး” ဟု ပြောသည်။

ယခင်ကတည်းက ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း၌ နှစ်စဉ် မိုးရာသီအတွင်း လှောင်ထားသည့် မိုးရေကိုသာ တစ်နှစ်ပတ်လုံး ချွေတာသုံးစွဲနေရခြင်း ဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက် ဒေသခံများအပြင် ဒေသအသီးသီးက ရောက်ရှိလာသည့် စစ်ရှောင်များအတွက်ပါ ရေ ကို ဝေမျှသုံးစွဲနေရသောကြောင့် လုံလောက်မှုမရှိဘဲ ပိုမိုခက်ခဲလာရခြင်း ဖြစ်သည်။

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း အနောက်ပဒေါင်ဒေသထဲက ကျေးရွာများ၌လည်း ရေအခက်အခဲ ဖြစ်နေ ကြပြီး စစ်ရှောင်စခန်းများ၌ ရေလိုအပ်မှုက ကြီးကြီးမားမားဖြစ်နေသည်။

ဓါတ်ပုံ – Karenni Humanitarian Team-KHT