ကိုဗစ်ကာလ ပြန်လည်ထူထောင်ရေး ထောက်ပံ့ငွေများအား တောင်သူများထံမှ ပြန်တောင်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ မတ်လ ၄ ရက်။
စစ်ကောင်စီသည် ဧရာဝတီတိုင်း အတွင်းရှိ တောင်သူများကို ကိုဗစ်ရောဂါ ကာကွယ်ရေးကာလ စီးပွားရေး ပြန် လည် ထူထောင်ရန် ထောက်ပံ့ပေးခဲ့သော ငွေများကို ဖိအားပေး ပြန်တောင်းနေသည် ဟု တောင်သူများက ပြောသည်။
ယခင်အရပ်သား အစိုးရလက်ထက် က ထောက်ပံ့ပေးခဲ့သော ငွေများကို အတိုးအပြင် ဒဏ်ကြေးများပါ သတ် မှတ်ပြီး ပြန်တောင်းနေခြင်း ဖြစ်သည်ဟု တောင်သူများက ပြောသည်။
ကန်ကြီးထောင့် မြို့နယ်က တောင်သူ ဦးစိုးလွင်က “ထောက်ပံ့ငွေ ပေးခဲ့တာ ၃ နှစ်ကျော်နေပြီ။ အခုက အတိုး တွေ ဒဏ်ကြေးတွေနဲ့ ပြန်ပေးရမယ်တဲ့ ကိုဗစ် ဒုတိယ လှိုင်းပြီးတော့ စစ်တပ်က အာဏာသိမ်းတယ်။ တတိယ လှိုင်း ဖြစ်တယ်။ ထောက်ပံ့ငွေတွေ က ကိုဗစ်ရောဂါရယ် စစ်တပ်က အာဏာသိမ်းလိုက်တာတွေကြောင့် စီးပွား ရေး ပြန်ထူထောင်ဖို့နေနေသာ အားလုံး စီးပွားပျက်နေတာ ဘယ်လို ပေးနိုင်မှာလဲ” ဟု ပြောသည်။
စစ်တပ် အာဏာမသိမ်းမီက ပြည်ထောင်စု အစိုးရ အစီအစဉ်ဖြင့် လယ်ယာ စိုက်ပျိုးရေးမှု ဖွံ့ဖြိုးရေး ဘဏ် (စိုက်/ဘဏ်) က ထုတ်ပေးခဲ့သော ထောက်ပံ့ငွေများကို စစ်ကောင်စီ၏ ညွှန်ကြားချက်အရ စိုက်/ဘဏ် မန်နေဂျာ များ နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများက မဆပ်သည့် တောင်သူများကို ဖမ်းဆီးထောင်ချမည်၊ လယ်သိမ်းမည်ဟု ဆိုကာ ဖိအားပေး တောင်းနေခြင်း ဖြစ်သည်။
ထောက်ပံကြေးငွေ ထုတ်ပေးစဉ်က တောင်သူများကို တစ်ဧက ကျပ်ငါးသောင်းနှုန်းဖြင့် လယ် ၁၀ ဧက အတွက် ပြန်ဆပ်ရမည့် အချိန်ကာလနှင့် အတိုးနှုန်း သတ်မှတ်ချက် မရှိပါဘဲ ပြည်ထောင်စု အစိုးရ အစီအစဉ်ဖြင့် ထောက် ပံ့ပေးခဲ့ခြင်း ဖြစ်သည်ဟု စိုက်ဘဏ် CDM ဝန်ထမ်း အချို့၏ ပြောပြချက်အရ သိရသည်။
သို့သော် တောင်သူ အချို့အနေဖြင့် စိုက်ပျိုး ရာသီချိန် အလိုက်ချေးယူထားသော စိုက်ပျိုးစရိတ် ချေးငွေများအား မကြေသေးသည်များလည်း ရှိနေနိုင်သေးသည်ဟု ဆိုသည်။
တောင်သူလယ်သမား သမဂ္ဂ အဖွဲ့ဝင်ဟောင်း ဦးထွန်းအေးက “အာဏာသိမ်းပြီး နောက်ပိုင်းမှာ တောင်သူ အတော်များများက စစ်ကောင်စီ ဆီကနေ စိုက်ပျိုး စရိတ်ချေးငွေတွေ မချေးတော့ပဲ ကိုယ်ထူကိုယ်ထ လုပ်နေ တာ ရှိလာတယ်။ အမှန်က ကိုဗစ်ထောက်ပံ့ငွေ ဆိုတာ တရားဝင် အစိုးရက ပေးခဲ့တာ အခုတောင်းနေတဲ့ စစ် တပ် ဆိုတာက မတရား အာဏာသိမ်းတဲ့ သူတွေ။ ပြန်ပေးဖို့ မလိုပါ ဘူး” ဟု ပြောသည်။
စစ်ကောင်စီ၏ ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ် စိုက်ဘဏ် မန်နေဂျာများက ကိုဗစ်ထောက်ပံ့ငွေနှင့် စိုက်ပျိုး စရိတ် ချေးငွေ ကြွေးကျန်များကို ဖေဖေါ်ဝါရီလအတွင်း ပြန်မဆပ်ပါက လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံ (၇) ကို သိမ်းဆည်းမည့်အပြင် လူကိုလည်း အရေးယူမည့် အကြောင်းကြားစာကို ပြီးခဲ့သည့် ဇန္နဝါရီလ နောက်ဆုံး ပတ်အတွင်းက ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များမှ တဆင့် တောင်သူများထံ ပေးပို့ခဲ့ခြင်း ဖြစ်သည်။
စစ်တပ်က အာဏာမသိမ်းခင် ပြည်သူအစိုးရ လက်ထက်၌ ၂၀၂၀ ခုနှစ် အတွင်း ကိုဗစ်ရောဂါကြောင့် ရပ်ဆိုင်း သွားသော နိုင်ငံ့စီးပွားရေး ပြန်လည် ထူထောင်ရန်အတွက် ပြည်ထောင်စု အစိုးရက တောင်သူများကို ထောက်ပံ့ ကြေး ထုတ်ပေးခဲ့သလို အသေးစား အလတ်စား စက်မှုလက်မှု လုပ်ငန်းရှင်များနှင့် စားသောက်ဆိုင် လုပ်ငန်းရှင် များ၊ ဆန်စက်ပိုင်ရှင်များ၊ ဆန်ကုန်သည်များကိုလည်း စီးပွားရေး ပြန်လည် ထူထောင်ရန်အတွက် ထောက်ပံ့ ကြေးများ ထုတ်ချေးခဲ့သေးသည်။