ထားဝယ်တွင် KNU မှ စခန်းသိမ်း တိုက်ပွဲ ဆင်နွဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ မတ်လ ၄ ရက်။
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်း စစ်ကောင်စီ၏ စခန်းအား သိမ်းယူခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၁၁ ဦး သေဆုံးပြီး လက်နက်ခဲယမ်း များရရှိခဲ့သည်ဟု ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တာဝန်ရှိသူက ပြောသည်။
ရောင်းမော်ကျေးရွာမှာရှိသည့် စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ များက ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တာဝန်ရှိသူက ပြောသည်။
KNLA တပ်ရင်းမှူး စောမှူးဂေ က “အလောင်းတွေထဲမှာ ပျူစောထီးတော့ ပါတာ မတွေ့ရဘူး၊ သေနတ်နဲ့ ခဲယမ်း မီးကျောက်တွေရတယ်။ လေယာဉ်နဲ့ သုံးကြိမ် ဗုံးလာကြဲသေးတယ်” ဟု ပြောသည်။
ရောင်းမော်ကျေးရွာတွင် စခန်းချတပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးစခန်းကို မတ်လ ၂ ရက်နေ့၊ နံနက် ၅ နာရီခန့်က KNLA နှင့် PDF ပူးပေါင်းတပ်များဖြစ်သည့် ထားဝယ်ခရိုင် တပ်ရင်း ၁ (T1)၊ ထားဝယ် ခရိုင် တပ်ရင်း ၂ (T5) နှင့် ဥသြစစ်ကြောင်းတို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့၊ ထားဝယ်ခရိုင်တပ်ရင်း – ၁ မှ တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ သည်။
စခန်းကို နာရီပိုင်းအတွင်း အရ သိမ်းပိုက်နိုင်ခဲ့သည့် အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းနေလည်း သုံးကြိမ်လာရောက် ဗုံးကြဲခဲ့သည်ဟု KNLA တပ်ရင်းမှူး စောမှူးဂေ က ပြောသည်။
တိုက်ပွဲဖြစ်ပွားပြီးချိန် နံနက် ၁၀နာရီခန့်တွင် ရောင်းမော်ကျေးရွာနှင့် စော်ဖျားကျေးရွာ တဝိုက်ကို Mi – 2 ရဟတ်ယာဥ်ဖြင့် သုံးကြိမ်တိုင်တိုင် လာရောက်ဗုံးကြဲခဲ့သေးကြောင်း ရွာသားများက ပြောသည်။
ဗုံးသီးအလုံး ၃၀ ကျော်ခန့်ကို ကြဲချတိုက်ခိုက်ခဲ့ရာ အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာသားများ ထိခိုက် သေဆုံးခြင်း မရှိခဲ့သော်လည်း နေအိမ်ပျက်စီးမှုများ ရှိခဲ့သည်ဟု ဆိုကြသည်။
စစ်ကောင်စီလေတပ်မှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရောင်းမော်၊ စော်ဖျား၊ အင်းပြားနှင့် ဆေးဖြတ်ကုန်း ကျေးရွာ များမှ ရွာသားများမှာ နီးစပ်ရာ တောတောင်များဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ထွက်ပြေးတိမ်းရှောင်နေရသည့် ရွာသားများထဲတွင် သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ ပါဝင်နေခြင်း ကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အမိုးအကာများ လိုအပ်လျက်ရှိနေသည်။
တိုက်ပွဲဖြစ်ပွားချိန်နှင့် လေကြောင်းတိုက်ခိုက်မှု လုပ်နေချိန်တွင် ဆိုင်ကယ်ဖြင့် ထွက်ပြေးသည့် ဆေးဖြတ်ကုန်း ကျေးရွာမှ အသက် ၂၈ နှစ်အရွယ် မအေးသက်မော် ဆိုသူမှာ ဆိုင်ကယ် မတော်တဆမှုဖြစ်ပြီး သေဆုံးခဲ့သေး သည်ဟု ရွာသားတစ်ဦးကပြောသည်။
တောင်ပိုင်း စစ်ဒေသရုံးမှ စစ်ကောင်စီတပ်၏ အခြေစိုက်စခန်းများအား အဆက်မပြတ် တိုက်ခိုက်မှုများကို အရှိန်
အဟုန်မြှင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန် အသိပေးထားသည်။