ဒရုန်းဝယ်ရန် ပအိုးဝ်ပြည်သူ့စစ် ဆက်ကြေးကောက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ မတ်လ ၆ ရက်။

ဒရုန်းနှင့် စစ်ဝတ်စုံ ဝယ်ယူရန်အတွက် ပအိုဝ်းပြည်သူ့စစ်အဖွဲ့က ပြည်သူများထံမှ ဆက်ကြေး အဓမ္မ ကောက်ခံ နေသည်ဟု နီးစပ်သူများက ပြောသည်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ နောင်ကားကျေးရွာအုပ်စုတွင် ပအိုဝ်းပြည်သူ့စစ် (PNA) မှ ဒရုန်းနှင့် စစ်ဝတ်စုံ ဝယ်ယူမည်ဟုဆိုကာ အဓမ္မဆက်ကြေး ကောက်ခံခဲ့သည်ဟု ပအိုဝ်းနိုင်ငံရေး တက်ကြွလှုပ်ရှားသူများက ပြောသည်။

နောင်ကား ဒေသခံ ပအိုဝ်းလူမျိုး တက်ကြွလှုပ်ရှားသူ တစ်ဦးက “ပိုက်ဆံကတော့ ၂ ပတ်လောက်အတွင်း ထည့် ရမယ်။ အရင်တခါ လာကောက်သွားတဲ့ တစ်သိန်းတောင် ပိုက်ဆံချေးပြီး ထည့်ရတာ။ အဲ့ဒါတောင် အကြွေးက မကျေသေးဘူး။ ဒီတစ်ခါလည်း ဘယ်က ပိုက်ဆံရှာပြီး ထည့်ရမလဲ မသိသေးဘူး” ဟု ပြောသည်။

နောင်ကားကျေးရွာအုပ်စုရှိ ကျေးရွာ ၁၀ ရွာခန့်တွင် မတ်လ ၁ ရက်နေ့ နှင့် ၂ ရက်နေ့အတွင်း ပြုလုပ်ခဲ့သော ကျေးရွာအစည်းအဝေး၌ တစ်အိမ်လျှင် ငွေကျပ် ၅၀,၀၀၀ နှုန်းဖြင့် ကောက်ခံရန် PNA မှ ဆုံးဖြတ်ခဲ့ခြင်း ဖြစ် သည်။

ကျေးရွာ အစည်းအဝေးတွင် PNA မှ ငွေကြေး ထည့်ဝင်နိုင်ခြင်း မရှိသည့် နေအိမ်များအား တပ်သားသစ် ခေါ် ယူခြင်း၊ နေအိမ်များကို မီးရှို့ ဖျက်ဆီးခြင်းများ ပြုလုပ်သွားဟုလည်း ခြိမ်းခြောက်ခဲ့သည်။

လတ်တလောတွင် ငွေကြေး မပြေလည်သည့် နောင်ကားဒေသခံ အများစုမှာ ဆက်ကြေးထည့် ဝင်နိုင်ရန်အတွက် ချေးငှားနေရပြီး အချို့မှာ မပေးနိုင်သေးကြောင့် ကြောက်လန့်ပြီး ထွက်ပြေး တိမ်းရှောင်သွားကြပြီဟု နီးစပ်သူ များက ပြေသည်။

နောင်ကားဒေသခံ အသက် ၅၀ အရွယ် အမျိုးသား တစ်ဦးက “ဒီကာလက စစ်ပွဲတွေနဲ့ဆိုတော့ သီးနှံတွေက အရှုံး ပေါ်တော့ ဘယ်လိုမှ ထည့်လို့ အဆင်မပြေဘူး။ ကိုယ့်ဟာကိုယ်တောင် စစ်ရှောင်ဖို့ ပိုက်ဆံ မရှိသေးဘူး။ ထည့် ဆိုတော့လည်း ရှာရမှာပေါ့” ဟု ပြောသည်။

နောင်ကားကျေးရွာအုပ်စုတွင် ဇန္နဝါရီလ နောက်ဆုံးပတ်ခန့်ကလည်း တစ်အိမ်လျှင် ၇၀,၀၀၀ ကျပ်နှုန်းဖြင့် PNA အဖွဲ့ မှ ရိက္ခာကြေး ကောက်ယူခဲ့ဖူးပြီး ယခု ကောက်ခံခြင်းသည် ဒုတိယအကြိမ် ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် PNA မှ ဟိုပုံးမြို့နယ်ရှိ ကျေးရွာများ၌လည်း စစ်အသုံးစရိတ်အဖြစ် တစ်အိမ်လျှင် ငွေကျပ် ၅၀,၀၀၀ နှုန်းဖြင့် ၂ ကြိမ်တိတိ ကောက်ခံခဲ့သည့်အပြင် တပ်သားသစ်လည်း အဓမ္မစုဆောင်းခဲ့သေးသည်။