တောင်ကြီးမြို့ နိုင်ကျဉ်း လူငယ်တစ်ဦး၏ အမည် အလွဲသုံးစားလုပ်၍ လိမ်လည် အလှူခံမှုများရှိနေ

သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၂၄ ခုနှစ်၊ မတ်လ ၁၀ ရက်။

ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့နေ နိုင်ငံရေး အကျဉ်းသား တစ်ဦး၏ အမည်ကို အလွဲသုံးစားလုပ်၍ လူမှုကွန်ယက် စာမျက်နှာ (Facebook)ပေါ်တွင် လိမ်လည်အလှူခံမှုများ ကြုံနေရသည်ဟု မိသားစုဝင်များက ပြောသည်။

ဖေဖော်ဝါရီလ အစပိုင်းမှစ၍ ၎င်းအမည်ဖြင့် ဖွင့်လှစ်ထားသည့် အကောင့်တုပေါင်း ၈ ခုဖြင့် တစ်ကြိမ်လျှင် အနည်းဆုံး ငွေကျပ် ၃သောင်းမှ သိန်းဂဏန်းအထိ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးသူများထံ လိမ်လည် အလှူခံနေခြင်း ဖြစ်သည်။

မိသားစုဝင် တစ်ဦးက “ကိုယ့်မိသားစုဝင် တစ်ယောက်လို ကိုယ်ချင်းစာ တရားလေးထားကြပါနော်။ မလုပ်သင့် တာတွေကို ဆက်မလုပ်ကြပါနဲ့တော့။ ထောင်ထဲမှာ ဒုက္ခရောက်နေတဲ့သူကို အားနာကြပါ။ တော်လှန်ရေးမှာ မကူညီရင်တောင်မှ အနှောင့်အယှက် မပေးကြပါနဲ့” ဟု ပြောသည်။

တောင်ကြီးမြို့၊ ညောင်ဖြူစခန်း ရပ်ကွက်တွင် နေထိုင်သည့် အသက် ၂၁ နှစ်အရွယ် တောင်ကြီးတက္ကသိုလ် အင်္ဂလိပ်စာမေဂျာ ကျောင်းသား ကိုမင်းခန့်အောင်အား ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့၌ စစ်ကောင်စီတပ် က ရိုက်နှက် ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

ထို့နောက်တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ) ၏ စစ်ကြောရေးစခန်းသို့ ပို့ဆောင်ခဲ့ပြီး ပုဒ်မ ၅၀-ည အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်ဖြင့် ရှမ်းပြည်နယ် တရားရုံးမှ ထောင်ဒဏ် ၁၀ နှစ်တိတိ ချမှတ်ခဲ့သည် ဟု ဆိုသည်။

ပုဂ္ဂိုလ်ရေးအရ ရင်းနှီးသူ တစ်ဦးက “မနှစ်ကလည်း တစ်ခေါက်ပေါ်လာသေးတယ်။ အလိမ်ဆိုပြီး လူတွေ ဝိုင်း ပြောကြတော့ ပျောက်သွားတယ်။ အခုထပ်ပေါ်လာတော့ သူတကယ်လွတ်လို့ အကောင့်အသစ် ဖွင့်ထားတယ် ထင်တာပေါ့။ သူ PDF ထဲရောက်နေတယ် ကူညီပါ ဆိုလို့ ၅ သောင်း လွှဲပေးလိုက်သေးတယ်။ နောက် ကျနော်က လူလိမ်မှန်း ရိပ်မိသွားတော့ ဘလော့(Block) သွားတယ်” ဟု ပြောသည်။

ကိုမင်းခန့်အောင်အား စီရင်ချက်ချပြီးသည့် အချိန်မှစ၍ မိသားစုဝင်များနှင့် ၂ နှစ်ကျော်ကြာသည်အထိ စစ်ကောင်စီက အဆက်အသွယ် ဖြတ်ထားပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလရောက်မှသာ ဧည့်တွေ့ခွင့် ပေးသည် ဟု မိသားစုဝင်များက ပြောသည်။

လတ်တလောတွင် ကိုမင်းခန့်အောင်မှာ စစ်ကြောရေးဒဏ်များကြောင့် နားတစ်ဖက် မကြားရတော့သည့် အခြေ အနေ ဖြစ်နေပြီး ၎င်း၏ အမည်ဖြင့် အလှူခံသူများ ပေါ်ပေါက်လာပါက လာရောက်မေးမြန်းနိုင်သည်ဟု မိသားစု ဝင်များက ပြောသည်။