ဘုတ်ပြင်းမြို့နယ်အတွင်း ကျေးရွာတရွာမှ လူနေအိမ်များကို စစ်ကောင်စီတပ် မီးရှို့
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၅ ရက်။
တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် လမ်းဖိုကမ်းကျေးရွာမှ လူနေအိမ်များကို စစ်ကောင်စီတပ်နှင့် ပျူစောထီးများက မီးရှို့ ဖျက်ဆီး ခဲ့သဖြင့် နေအိမ် ၃ ဆောင် မီးလောင်ပြာကျခဲ့သည်ဟု ရွာသားများက ပြောသည်။
စစ်ကောင်စီတပ် အင်အား ၃၀ ခန့်နှင့် ပျူစောထီးများမှ တောင်ငယ်ကျေးရွာအုပ်စု၊ လမ်းဖိုးကမ်းကျေးရွာ အရှေ့ ပိုင်းရှိ နေအိမ်များကို ဧပြီလ ၁ ရက်နေ့၊ မွန်းလွှဲ ၁ နာရီ အချိန်ခန့်တွင် လာရောက် မီးရှို့ခဲ့ခြင်းဖြစ်သည်။
ဒေသခံတစ်ဦးက “အင်အား ၃၀ ကျော် ပျူတွေလည်းပါတယ်။ သူတို့က ရွာထဲဝင်ပြီး အိမ်တွေကို မီးရှို့သွားတာ။ ၃ လုံး မီးလောင်ပြာကျသွားတယ်” ဟု ပြောသည်။
မွန်းလွဲ ၂ နာရီ အချိန်ခန့်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ရွာမှ ပြန်လည် ထွက်ခွာသွားခဲ့ပြီး ၃ နာရီ အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း ရွာသားများက ပြောသည်။
အသက် ၄၀ နှစ်အရွယ် ရွာသားတစ်ဦးက “ရွာနားက တာဝါတိုင်တောင်ကုန်းမှာ တိုက်ပွဲဖြစ်တုန်းမှာ PDF အဖွဲ့က လမ်းဖိုးကမ်း ပြည်သူ့စစ်အိမ်ကို မီးရှို့သွားသေးတယ်၊ ဒါကြောင့်ပြန်လာရှို့တာဖြစ်မယ်၊ မနက်ပိုင်းထဲက ရွာထဲ ရောက်နေပြီး နေ့လယ်ပိုင်းမှာမှ မီးရှို့တာ၊ လူမရှိတဲ့အိမ်တွေမို့ တော်သေးတယ်” ဟု ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့မှ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်သုံးဆောင် မီးလောင်ပြာကျခဲ့ရပြီး အနီးဝန်းကျင်ရှိ နေ
အိမ်လေးဆောင်ကိုလည်း အနည်းငယ် မီးကူးခံခဲ့ရသေးသည်ဟု ရွာသားများက ပြောသည်။
လမ်းဖိုးကမ်းကျေးရွာကို ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့မှာ ခမရ – ၅၅၉ နှင့် ခမရ – ၅၆၀ တပ်ရင်းများမှ ဖြစ်ကြပြီး ပျူစောထီးများမှာ တောင်ငယ်ကျေးရွာက ဖြစ်ကြောင်း ရွာသားများက ဆိုသည်။
စစ်ကောင်စီတပ်မှ လာရောက်ဖမ်းဆီးခြင်းများနှင့် ပစ်ခတ်ခြင်းများ ပြုလုပ်မည်ကို စိုးရိမ်နေကြရခြင်းကြောင့်
လက်ရှိတွင် လမ်းဖိုကမ်းကျေးရွာနှင့် အနီးအနားရှိ ကျေးရွာဖြစ်သည့် တောင်ငယ်ကျေးရွာက ရွာသားများပါ နီးစပ်ရာ တောတောင် ဥယျာဥ်ခြံများထဲ ယာယီစစ်ရှောင်နေကြရသည်။
ယခု မီးရှို့ခံခဲ့ရသည့် လမ်းဖိုကမ်းကျေးရွာသည် အိမ်ခြေ ၁၅၀ ဝန်းကျင်ခန့်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ပြီး တောင် ငယ်ကျေးရွာတွင်မူ အိမ်ခြေ ၃၀၀ ခန့်ရှိကာ ဥယျာဥ်ခြံမြေလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြသည်။
လမ်းဖိုကမ်းကျေးရွာရှိ လူနေအိမ်များကို စစ်ကောင်စီတပ်နှင့် ပျူစောထီးများက မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် အဆိုပါ ရွာထဲရှိ ပျူးစောထီးအဖွဲ့ဝင်တစ်ဦး၏ နေအိမ်ကိုလည်း ကာကွယ်ရေးတပ်ဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့ ဖူး သည်။
ဖြစ်စဉ်မှာ ပြည်ကြီးမဏ္ဍိုင်မြို့၊ တာဝါတိုင်တောင်ကုန်း စခန်းသိမ်းတိုက်ပွဲအပြီးတွင်လည်း PDF ပူးပေါင်းတပ်ဖွဲ့ များက လမ်းဖိုးကမ်းကျေးရွာရှိ ပျူစောထီးအဖွဲ့ဝင်၏ နေအိမ်တစ်ဆောင်ကို ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့က မီးရှို့ ဖျက်ဆီးခဲ့ဖူးသည်ဟု ရွာသားများက ပြောသည်။
ဓါတ်ပုံ – CJ (လမ်းဖိုကမ်းကျေးရွာမှ စစ်ရှောင်များ)