ဘာသာရေး အဆောက်အဦများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၅ ရက်။
ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်က ဘာသာ ရေး အဆောက်အအုံနှင့် လူနေရပ်ကွက်များ၊ ကျေးရွာများထဲကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုများ လုပ်နေသည်ဟု ဒေသခံများနှင့် PNLA တာဝန်ရှိသူက ပြောသည်။
ရှမ်းပြည် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပင်ပုံကျေးရွာတွင် စစ်ကောင်စီ တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ဘာသာရေး အဆောက်အအုံအပါအဝင် နေအိမ်များ မီးလောင် ပျက်စီး ကုန်သည်။
ပင်ပုံရွာသား တစ်ဦးက “ဘာသာရေး အဆောက်အအုံတွေကို သူတို့က ရည်ရွယ်ချက်ရှိရှိ ပစ်တာပေါ့နော်။ အထူး သဖြင့် ပအိုဝ်းဒေသမှာ ဆို သူတို့က ဘုန်းကြီးကျောင်းကို ပိုပြီးတော့ ပစ်တာပေါ့နော်။ ဘာဖြစ်လို့လဲ ဆိုတော့ ပအိုဝ်းတွေ အားလုံးနီးပါး က ဗုဒ္ဓဘာသာတွေ ဖြစ်တယ်။ ဘာသာရေး ကိုင်းရှိုင်းကြတယ်။ အဲတော့ ငါတို့ကို တော်လှန်ရင် မင်းတို့ အထွဋ် မြတ်ထားတဲ့ နေရာကို ဖျက်ဆီးမယ် ဆိုတဲ့ ကြောက်စိတ် ဝင်သွားအောင် ခြောက် တာပေါ့နော်။ ပြောရရင် တော်လှန်ရေး အင်အားစုနဲ့ ပြည်သူကြားကို သွေးခွဲတာပေါ့” ဟု ပြောသည်။
ပင်ပုံဘုန်းကြီးကျောင်းကို ဧပြီလ ၂ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သံဃာတော်များက ပြီးခဲ့သည့် ၁၀ ရက်ကျော် ကတည်းက စစ်ဘေးတိမ်းရှောင်နေကြခြင်းကြောင့် ထိခိုက်မှု မရှိဘူးဟု ဆိုသည်။
ပင်ပုံကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်တို့က မတ်လ ၁၈ ရက်နေ့တွင် မဟာမိတ် တော်လှန်ရေးအင်အားစုများ၏ ဝင်ရောက်တိုက်ခိုက်မှုကို ခံခဲ့ရပြီးနောက်ပိုင်း ယခုကဲ့သို့ ပစ်ခတ်မှုများကို ဆက်တိုက်လုပ်နေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်၏ လေကြောင်းအပြင် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဒေသခံ ရွာသားများမှာမူ ရွာလုံး ကျွတ်နီးပါး စစ်ဘေးတိမ်းရှောင်နေကြရသည်။
ထိုသို့ လေကြောင်းအပြင် လက်နက်ကြီးဖြင့် ပစ်ခတ်ခံနေရသည့် ပင်ပုံကျေးရွာတွင် တော်လှန်ရေး အင်အားစု များဘက်က မည်သည့်အဖွဲ့အစည်းကမှ ဝင်ရောက် တပ်စွဲထားခြင်းမျိုး မရှိဘူးဟု ဆိုကြသည်။
ထို့ကြောင့် ယခုကဲ့သို့ စစ်ကောင်စီတပ်က လေကြောင်းမှ ဘာသာရေး အဆောက်အအုံများ အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းက ဘာသာရေး ပဋိပက္ခအပြင် လူထု အထင်အမြင်မှားအောင် ရည်ရွယ်ချက် ရှိရှိ လုပ်နေခြင်း ဖြစ်သည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) တာဝန်ရှိသူ တစ်ဦးက ပြော သည်။
PNLA စစ်ဘက်ဆိုင်ရာ ပြောရေးဆို ခွင့်ရှိသူတစ်ဦးက “တော်လှန်ရေးအတွက်က အနှောင့်အယှက်ဖြစ်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်ကောင်စီရဲ့ အကျင့် တွေကိုလည်း ပြည်သူတွေက သိပြီးသား ဖြစ်တယ် ပေါ့။ သို့ပေမယ့် ဒီဟာတွေကို အကြောင်းပြုပြီးတော့ ပဋိ ပက္ခ အမျိုးမျိုး ဖန်တီးချင်နေတဲ့ စစ်ကောင်စီရဲ့ လက်ပါးစေက ရှိနေတဲ့ အခါကျတော့ ကျနော်တို့ရော ပြည်သူ ရော သတိဝီရိယ ကြီးကြီးနဲ့ စောင့်ကြည့်ဖို့ သတိ ဝီရိယ ကြီးကြီးထားကြဖို့ လိုအပ်တယ်ပေါ့နော်” ဟု ပြောသည်။
မတ်လ ၃၀ ရက်နေ့ကလည်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ထဲက သံဃာတော် အပါး ၅၀၀ သီ တင်းသုံးသည့် ဇဝနာရာမ ပရိယတ္တိ စာသင်တိုက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ရာ ဘုန်း ကြီးကျောင်းဆောင် တစ်ခုလုံး မီးလောင်ပြာကျ ပျက်စီးခဲ့သည်။