ပြည်သူ့စစ်ပစ်ခတ်မှုကြောင့် ကျောင်းသူတစ်ဦး သေဆုံး 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၁ ရက်။ 

ပအိုဝ်း ပြည်သူ့စစ်အဖွဲ့ (PNA) ၏ ပစ်ခတ်မှုကြောင့် ရေသွားခပ်သည့် ဆယ်တန်းကျောင်းသူ တစ်ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရရှိခဲ့သည်။

ရှမ်းပြည် တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ တွေပူးကျေးရွာတွင် ပအိုဝ်းပြည်သူ့စစ် (PNA)၏ လက်နက်ကြီး ရမ်းသန်း ပစ်ခတ်မှုကြောင့် ရွာခံ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပြီး ၂ ဦး ပြင်းထန် ဒဏ်ရာရခဲ့သည်ဟု နာရေး ကူညီဆောင် ရွက်ပေးခဲ့သူများက ပြောသည်။

နီးစပ်သူ တစ်ဦးက မအလ က PNO ကို လက်နက်ကြီး ပေးထားတာ။ သူတို့က PDF တွေ ရှိတယ်ထင်ပြီး ရွာထဲ ကို ရမ်းပစ်တာ။ ပွဲချင်းပြီးပဲ။ ၂ ယောက်ကတော့ ဆေးကုနေတယ်။ ဒဏ်ရာပြင်းတယ်။ ဆေးကုတဲ့နေရာက သူ တို့ အသိမပေးထားဘူး ဟု ပြောသည်။

ထိုအမျိုးသမီး ၃ ဦးလုံးမှာ အသက် ၁၅ နှစ်အရွယ် ဆယ်တန်းကျောင်းသူများ ဖြစ်ပြီး စစ်ဘေးရှောင်နေရာမှ ကျေးရွာတွင်းသို့ သောက်သုံးရေ ဝင်ခပ်ရာတွင် လက်နက်ကြီး ထိမှန်ခဲ့ခြင်း ဖြစ်သည်။

ဆိုက်ခေါင်မြို့နှင့် လွယ်ပွတ်ကျေးရွာတို့၌ တပ်စွဲထားသည့် PNA တပ်များမှ ဧပြီလ ၈ ရက်နေ့၊ နံနက် ၁၀ နာရီခန့် တွင် ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး သေဆုံးသူမှာ နန်းမြစိန် ဖြစ်သည်ဟု ဆိုကြသည်။

တွေးပူကျေးရွာနေ အသက် ၅၀ အရွယ် အမျိုးသား တစ်ဦးက မနေ့ (ဧပြီ ၇)က ပစ်တာလည်း ရွာထဲကျတာ။ နွား ၄ ကောင် သေတယ်။ တွေးပူရွာက စစ်ရှောင်နေတာ ကြာပြီ။ ဘယ်သူမှ မကျန်တော့ဘူး။ ဒါပေမယ့် PNA က တစ်အိမ် ၅ သောင်းကောက်လို့ ပြန်လာပြီး ထည့်ရမယ် ပြောနေတယ် ဟု‌ ပြောသည်။

ဆီဆိုင်မြို့၊ ဆိုက်ခေါင်မြို့နှင့် လွယ်ပွတ်ကျေးရွာတို့တွင် ဧပြီလ ၁ ရက်နေ့မှစပြီး PNA တပ်များနှင့်အတူ စစ် ကောင်စီတပ်၏ တပ်မ ၅၅ လက်အောက်ခံ ခြေမြန်တပ်ရင်းများသည့် ခမရ ၄၂၃၊ ၄၂၅၊ ၄၂၆ တို့မှ တပ်စွဲထား သည်ဟု တော်လှန်ရေး ရှေ့တန်း သတင်းအရင်းအမြစ်များက ပြောသည်။

ဇန္နဝါရီလ နောက်ဆုံးအပတ် ဆီဆိုင်တိုက်ပွဲ စတင်သည့် ရက်မှစ၍ ဧပြီလ ၈ ရက်နေ့အထိ စစ်ကောင်စီ၊ PNA ပူးပေါင်းတပ်များ ရမ်းသန်း ပစ်ခတ်မှုကြောင့် အရပ်သား ၅၈ ဦး သေဆုံးခဲ့ပြီး ၇၀‌ ကျော် ပြင်းထန်ဒဏ်ရာ ရခဲ့ သည်ဟု ပအိုဝ်းလူငယ် အစည်းအရုံးက ထုတ်ပြန်ထားသည်။