မြိတ်မြို့၊ သကန်ကျေးရွာတွင် အမျိုးသားတစ်ဦး အသတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၁ ရက်။
မြိတ်မြို့နယ် သကန်ကျေးရွာတွင် အမျိုးသားတစ်ဦး လည်ပင်းလှီး သတ်ဖြတ်ခံခဲ့ရသည်ဟု ရွာသားများက ပြော သည်။
ဧပြီလ ၁၀ ရက်နေ့၊ ည ၉ နာရီအချိန်ခန့်က နေအိမ်သို့ ရောက်ရှိလာသည့် လူ ၆ ဦးက အသက် ၅၀ နှစ်အရွယ် ဦးဌေးဇော်ဆိုသူကို အိမ်ထဲမှ အပြင်သို့ ခေါ်ထုတ်ကာ လည်ပင်း ဓါးနှင့်လှီးပြီး သတ်ဖြတ်သွားခဲ့ခြင်း ဖြစ်သည်။
အသက် ၅၀ နှစ်ခန့်အရွယ် ရွာသားတစ်ဦးက “ညက အိပ်ဖို့လုပ်နေတုန်း အော်ဟစ်နေတဲ့အသံတွေ အိမ်နဲ့သိပ်ပြီး မဝေးတော့ ကြားလိုက်ရတယ်။ ညဘက်ကြီး ဆိုတော့ ထွက်မကြည့်ရဲဘူး။ သိပ်မကြာဘူး အသံတွေ တိတ်သွား တယ်။ မိုးလင်းမှ ဦးဌေးဇော် အသတ်ခံရတာကို သိတယ်” ဟု ပြောသည်။
ဦးဌေးဇော်အသတ်ခံရချိန်တွင် နေအိမ်အထဲ၌ မိသားစုဝင်များလည်း ရှိနေခဲ့ကြကြောင်း မိသားစုနှင့် နီးစပ်သူများ က ပြောသည်။
အခင်းဖြစ်ပွားနေချိန် မည်သူမှ အပြင်ထွက်မကြည့်ရဲကြဘူးဟု ဆိုသည်။
ထို့ကြောင့် ဦးဌေးဇော်၏ အလောင်းကို အသတ်ခံရသည့် နေရာမှာပင်တစ်ညလုံးထားထားပြီး မိုးလင်းသည်အထိ စောင့်ခဲ့ရသည်ဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။
ထို့နောက် ဧပြီလ ၁၂ ရက်နေ့၊ နံနက်အစောပိုင်းတွင် ရပ်မိရပ်ဖများနှင့် မိသားစုဝင်များမှ မြိတ်မြို့သို့ သယ်ဆောင် သွားကြသည်။
ဦးဌေးဇော် ညီမတော်စပ်သူ၏ အမျိုးသားမှာ စစ်ဘက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး လက်ရှိတွင် တနင်္သာရီမြို့၌ တာဝန်ထမ်းဆောင်လျှက်ရှိနေသည်ဟု ရွာသားများက ဆိုသည်။
သို့သော် မည်သည့်အကြောင်းအရင်းကြောင့် ယခုကဲ့သို့ အသတ်ခံလိုက်ရသည်ကို မသိရသေးဘူးဟု ဆိုကြသည်။