စစ်ကောင်စီ ဗုံးကြဲသဖြင့် တနင်္သာရီ ရှိ ရွာသားများ ထွက်ပြေးနေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၆ ရက်။
တနင်္သာရီမြို့နယ် သိန္ဒောကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရွာသားများ ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
သိန္ဒောကျေးရွာရှိ စစ်ကောင်စီ တပ်စခန်းကို ပြည်သူ့ကာကွယ်ရေး တပ်များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ စစ်တပ်က လေကြောင်းမှ တန်ပြန်ဗုံးကြဲခဲ့ခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။
မြိတ်ခရိုင် တပ်ရင်း (၂) မှ တာဝန်ရှိသူက “ကြဲချခဲ့တဲ့ သိန္ဒောရွာနဲ့ အနီးတဝိုက်က ရွာတွေ တော်တော်များများ လည်း ထိနိုင်တယ်ဗျ။ ရွာတွေမှာက ရွာသားတွေလည်း မရှိတော့ ထိခိုက်မှုတွေကို အတိအကျအတည်
မပြုနိုင်သေးဘူး။ တိုက်ပွဲကလည်း တိုက်နေတုန်းမို့ အခြေအနေတွေ ထုတ်ပြန်ပြောလို့ မရသေးဘူး” ဟု ပြောသည်။
စစ်ကောင်စီတပ်စခန်းကို ဧပြီလ ၂၃ ရက်နေ့မှ စတင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်များက ဒရုန်းများဖြင့် မီးလောင်ဗုံးများ အသုံးပြုကာ တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း (၂) မှ တာဝန်ရှိသူက ပြောသည်။
ဧပြီလ ၂၄ ရက်နေ့၊ နံနက် ၁၀ နာရီခွဲ အချိန်ခန့်တွင် တစ်ကြိမ်၊ နံနက် ၁၁ နာရီခန့်၌ တစ်ကြိမ် စစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ဗုံးအလုံးရေ ၃၀ နီးပါး ကြဲချသွားခဲ့သည်ဟု ရွာသားများက ပြောသည်။
ပထမအကြိမ်တွင် Mi-2 ရဟတ်ယာဥ်ဖြင့် ဗုံးသီး ၂၀ လုံးထက် မနည်း ကြဲချခဲ့ခြင်း ဖြစ်ပြီး၊ ဒုတိယအကြိမ်၌ တိုက်လေယာဥ်ဖြင့် ဗုံးသီးအလုံးကြီး ၈ လုံးကို ကြဲချခဲ့သည့်အပြင် စက်လတ်များဖြင့်လည်း ပစ်ခတ်ခဲ့သည်ဟု ရွာသားတစ်ဦးက ဆိုသည်။
ဧပြီလ ၂၂ ရက်နေ့ကလည်း စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ သူဌေးကျေးရွာ၊ ဘန်းပြည့်ကျေးရွာ နှင့် သိန္ဒောကျေးရွာ အနီးဝန်းကျင်ကို လေကြောင်းမှ Mi – 2 ရဟတ်ယာဥ်ဖြင့် ၂ကြိမ် ဗုံးကြဲခဲ့သေးသည်။
ထိုနေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်တွင်လည်း ဗုံးသီး ၁၅ လုံးခန့်ဖြင့်တစ်ကြိမ်၊ ၅ နာရီခွဲခန့်တွင် ဗုံးသီး ၁၀ လုံးခန့်ဖြင့် တစ်ကြိမ် ကြဲချခဲ့ရာ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ပြီး အမျိုးသမီးတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုများနှင့် နှစ်ဖက် စစ်ရေးတင်းမာမှုများကြောင့် ဧပြီလ၂၂ ရက်နေ့မှ စတင်ပြီး သိန္ဒောကျေးရွာအုပ်စု အနီးတဝိုက်ရှိ ကျေးရွာများမှ ရွာသားများ ဥယျာဥ်တောတောင်များ အတွင်း အရေးပေါ် စစ်ဘေးရှောင်နေကြရပြီး ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများလည်း ပြတ်တောက်နေ သည်။
နိုင်ငံအနှံ့တွင် စစ်ကောင်စီက စစ်မျက်နှာဖွင့်ထားရပြီး တပ်စခန်း ဌာနချုပ်များနှင့် မြို့ရွာများကို လက်လွှတ် နေရသဖြင့် လေကြောင်း တိုက်ခိုက်မှုကို အဓိကအားထားကာ ဗုံးကြဲတိုက်ခိုက်မှုကို ခပ်စိပ်စိပ် လုပ်ဆောင်နေရ သည်။