ဗျူစောထီးစခန်းများအတွက် ရိက္ခာလှေကို ပကဖ များက တိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၆ ရက်။ 

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်ထဲက ပျူစောထီးစခန်းများကို ရိက္ခာပို့မည့် စက်လှေကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့သည်။

လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာရှိ ပျူစောထီးများ စခန်းကို ရိက္ခာပို့လာသည့် ငါးဖမ်းစက်လှေ တစ်စီးအား လောင်းလုံး မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့သည်ဟု အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

လောင်းလုံးမြို့နယ် – ပကဖအဖွဲ့ တာဝန်ရှိသူက စက်လှေပေါ်မှာ စစ်သားတွေလည်း ပါတယ်။ ဒီကျောက်နီမော် က ပျူစခန်းတွေအတွက် စားနပ်ရိက္ခာ ပို့ဖို့ ပါလာတယ် ကြားလို့ သွားတိုက်ခဲ့တာပါ။ လှေကတော့ ငါးဖမ်းစက် လှေပါ။ ရွာနားလေးကို မရောက်ခင်မှာပဲ တိုက်ခိုက်ခဲ့တာ ဟု ပြောသည်။

ဧပြီ ၂၃ ရက်နေ့၊ မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် ထားဝယ်မြစ်‌ကြောင်းအတိုင်း ကျောက်နီမော်ကျေးရွာဘက်သို့ ဦးတည်မောင်းနှင်လာသော ငါးဖမ်းစက်လှေကို အဆိုပါ ကျေးရွာနားသို့ မရောက်ခင်တွင် ပစ်ခတ်ခဲ့ခြင်း ဖြစ် သည်။ 

ငါးဖမ်းစက်လှေပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၂၀ ခန့် နှင့် ကျောက်နီမော်ကျေးရွာရှိ ပျူစောထီး စခန်းကို ပေးပို့မည့် စားနပ်ရိက္ခာများ ပါရှိသည်ဟု သတင်းရရှိခဲ့ခြင်းကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း လောင်းလုံးမြို့နယ် – ပကဖအဖွဲ့ တာဝန်ရှိသူက ဆိုသည်။ 

ထို့သို့ တိုက်ခိုက်ခံရပြီးနောက် နှစ်ဖက်ကြား အပြန်အလည် ပစ်ခတ်မှုများ ၁၅မိနစ်ခန့် အကြာ ဖြစ်ပွားခဲ့သေး သည်ဟု အဆိုပါ ပကခအဖွဲ့ တာဝန်ရှိသူက ဆက်ပြောသည်။

လောင်းလုံးမြို့နယ် – ပကဖအဖွဲ့ တာဝန်ရှိသူက ၄၀ မမ ဗုံးပစ်လောင်ချာနဲ့ ငါးလုံးပစ်တာ နှစ်လုံးပဲထိတယ်။ တစ်လုံးက လှေခေါင်းပိုင်းကို ထိပြီး နောက်တစ် လုံးကတော့ လှေကို တည့်တည့်ထိတယ်၊ ထိခိုက်သေဆုံးတာ တော့ ရှိမှာပါ။ နောက်ဆက်တွဲကို စုံစမ်းနေတုန်းပဲ ဟု ပြောသည်။

လောင်းလုံးမြို့နယ် – ပကဖအဖွဲ့ဘက်တွင် ထိခိုက်မှု မရှိသော်လည်း စစ်တပ်ဘက်က ထိခိုက်သေဆုံးမှု အခြေအနေကိုမူ မသိရသေးဘူးဟု ဆိုသည်။  

စစ်ကောင်စီတပ်ဘက်မှ ပြန်လှန်ပစ်ခတ်ခဲ့ပြီးနောက် ငါးဖမ်းစက်လှေကို ကျောက်နီမော်ကျေးရွာဘက်သို့ အရှိန်ကုန် မြှင့်၍ မောင်းနှင်သွားခဲ့သည်ဟု ဆိုသည်။ 

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတုန်းကလည်း ထားဝယ်မြို့ဘက်မှ ကျောက်နီမော်ကျေးရွာဘက်သို့ မောင်း နှင်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀ ခန့်ပါ စက်လှေတစ်စီးကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ဖူးသေးသည်။