ကိုးကန့်တပ်ဖွဲ့ဝင်များ အရပ်သားတစ်ဦးကို ရိုက်နှက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၃၀ ရက်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့၊ မိုင်းယော်တိုက်နယ်ထဲက အမျိုးသားတစ်ဦးကို ကိုးကန့်တပ်မတော် MNDAA တပ်ဖွဲ့ဝင်များက သတိလစ်သွားသည်အထိ ရိုက်နှက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
အရိုက်ခံရသူမှာ မိုင်းယော်တိုက်နယ်၊ နမ့်လုတ်ကျေးရွာအုပ်စု၊ မန်ကောင်ကျေးရွာက “ဝ” အမျိုးသားတစ်ဦး ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
ဒေသခံ အမျိုးသားတစ်ဦးက “၂၄ ရက်နေ့ ညနေလောက်မှာ ဖြစ်တာ။ ကိုးကန့်တပ်တွေက နမ့်ကတ်ရွာကနေ ကားနဲ့ ၄ ယောက်လာတယ်။ ရိုက်ခံရတဲ့ တစ်ယောက်ကျတော့ ရော်ဘာခြံမှာ ဝက် ဝယ်ပြီးအပြန်မှာ သူကားလမ်းပေါ် ရောက်တော့ သူတို့နဲ့ တိုးတာ။ တွေ့တာနဲ့ကို သေနတ်ချိန်ပြီး ဝိုင်းရိုက်တော့ သူသတိမေ့သွား တာ” ဟု ပြောသည်။
နမ့်ကတ်ကျေးရွာမှ ကားဖြင့် ရောက်လာသည့် ကိုးကန့်တပ်မတော် MNDAA တပ်ဖွဲ့ဝင် ၄ ဦးက လမ်းပေါ်တွင် တွေ့သည့် အဆိုပါ ဒေသခံအမျိုးသားကို သေနတ်ဒင်ဖြင့် ရိုက်နှက်ခဲ့ကြရာ ပြင်းထန်ဒဏ်ရာများရသွားသည့် အပြင် သတိလစ်မေ့မျောသွားသည်ဟု ဆိုကြသည်။
သတိလစ်သွားသူမှာ အသက် ၃၁ နှစ်အရွယ် ညီးခို ဆိုသူဖြစ်ပြီး သေနတ်နှင့် အရိုက်ခဲ့ရသည့်အတွက် ခန္ဓာကိုယ် တစ်ခုလုံး၌လည်း သွေးထွက်သံယို ဖြစ်သွားခဲ့သည်။
ဖြစ်စဉ်မှာ ဧပြီလ ၂၄ ရက်နေ့၊ ညနေက ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယနေ့အချိန်ထိ နေအိမ်တွင် ဆေးကုသမှု ခံယူနေရ သည်။
မည်သည့်အကြောင်းရင်းကြောင့် ယခုကဲ့သို့ ရိုက်နှက်ခဲ့သည်ကိုမူ အရိုက်ခံရသူကိုယ်တိုင်ပင် မသိဘူးဟု နီးစပ် သူတစ်ဦးက ပြောသည်။
ကိုးကန့်တပ်ဖွဲ့ဝင်များက အဆိုပါ အမျိုးသားကို သတိလစ်သွားသည်အထိ ရိုက်နှက်ခဲ့ပြီးနောက် ကားပေါ်ခေါ်တင် လာကာ လမ်းမတစ်နေရာ၌ ပစ်ချထားခဲ့ကြသည်။
ထို့အပြင် ၎င်းဝယ်လာသည့် ဝက်တစ်ကောင်နှင့် ဆိုင်ကယ်ကိုလည်း အဆိုပါ ကိုးကန့်တပ်ဖွဲ့ဝင်များက ယူသွား သည်ဟု ဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ကိုးကန့်တပ်ဖွဲ့ဘက်မှ တာဝန်ရှိသူများနှင့် မန်ကောင်ကျေးရွာက အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများကို ဆက်သွယ်ခဲ့ရာ မရခဲ့ပေ။