စရဖရုံးမှ ပစ်သော လက်နက်ကြီးကြောင့် အဖွားအိုတစ်ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၄ ခုနှစ်၊ ဧပြီလ ၃၀ ရက်။ 

တနင်္သာရီတိုင်း လောင်းလုံးမြို့ပေါ်ရှိ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့ခြင်းကြောင့် အဖွားအိုတစ်ဦး ကျည်ထိမှန်ပြီး သေဆုံးသွားခဲ့သည်ဟု မြို့ခံများက ပြောသည်။ 

ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များမှာ လောင်းလုံးမြို့ပေါ်တဝိုက် နှင့် လယ်ကွင်းများထဲသို့ ကျရောက် ပေါက်ကွဲခဲ့သည်ဟု မြို့ခံများက ဆိုသည်။ 

အသက် ၄၀ ခန့်အရွယ် မိသားစုဝင်တစ်ဦးက အိမ်ခြံဝင်းထဲ ရှိနေတဲ့အချိန် ဗုံးသီးကျတာ။ ခေါင်းကို ဗုံးစထိပြီး ပွဲချင်းပြီးဆုံးသွားတာ။ ဒဏ်ရာက ပွင့်ထွက်သွားတာ မြင်ရက်စရာမရှိဘူး ဟု ပြောသည်။ 

သေဆုံးသူမှာ အသက် ၇၅ နှစ်အရွယ် ဒေါ်ခင်အေး ဖြစ်ပြီး ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည် တစ်လုံးသည် (က) ရပ်ကွက်၊ ထိန်သစ်လမ်းအတွင်းရှိ နေအိမ်ခြံဝင်း တစ်ခုထဲသို့ ကျရောက်ပေါက်ကွဲခဲ့ရာမှ ထိမှန်ခဲ့ခြင်း ဖြစ်သည်။ 

တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်မှ အရပ်သားများနေထိုင်ရာဘက်သို့ ဧပြီလ ၂၅ ရက်နေ့ မွန်းလွှဲ ၃ နာရီ အချိန်ခန့်က လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ 

လက်နက်ကြီးကျည် ပေါက်ကွဲခဲ့သည့်နေရာ အနီးတွင် ရှိနေသည့် နောက်ထပ် အသက်ကြီးပိုင်း အမျိုးသား တစ်ဦးမှာ လည်း လက်နက်ကြီးကျည်စ စင်ပြီး ဒဏ်ရာများရရှိခဲ့သေးသည်။ 

စရဖရုံးမှ လက်နက်ကြီးနှင့် ပစ်ခတ်နေချိန် လောင်းလုံးမြို့မ ရဲစခန်းဘက်ကလည်း လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေခဲ့သည် ဟု မြို့ခံများကဆိုသည်။ 

လောင်းလုံးမြို့နယ် အတွင်း ဧပြီလ ၂၃ ရက်နေ့ နှင့် ၂၄ ရက်နေ့များတွင် ထားဝယ်မြစ်ထဲမှ စစ်ကောင်စီ စက်လှေ တစ်စီးနှင့် လောင်းလုံးရဲစခန်းရှေ့တွင် တားဆီးစစ်ဆေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များက သွားရောက်ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သည်ဟု တိုက်ခိုက်ခဲ့ရာပါဝင်သူ တပ်ဖွဲ့ဝင်တစ်ဦး က ပြောသည်။ 

ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့ကလည်း ကျောက်နီမော်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များကို ပြည်သူ့ကာကွယ်ရေးတပ်မှ ဝင်ရောက်တိုက်ခိုက်ချိန် ရေတပ်သင်္ဘောတစ်စီးက အဆိုပါ ကျေးရွာ အနီးတဝိုက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သေးသည်။