ဘုရားဖူးထွက်သည့် လူငယ် ၇ ဦး ဖမ်းဆီးခံရပြီးနောက် ၂ ပတ်ကြာသည်အထိ အဆက်အသွယ် မရသေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ မေလ ၇ ရက်။
ရှမ်းပြည် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ စံကားမြို့သို့ ဘုရားဖူးသွားသည့် လူငယ် ၇ ဦးမှာ ဖမ်းဆီးခံခဲ့ရပြီး ယနေ့ (မေလ ၇ ရက်နေ့) ၂ ပတ်ကျော် ကြာလာသည်အထိ မိသားစုဝင်များနှင့် အဆက်အသွယ် မရသေးဘူးဟု နီးစပ်သူများက ပြောသည်။
စံကားအင်းအနီး၊ မှော်ဘီအဝိုင်းပတ် စစ်ဆေးရေးဂိတ်တွင် ဧပြီလ ၂၃ ရက်နေ့၌ စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့ စစ်အဖွဲ့ (PNA) ပူးပေါင်းတပ်များက ဖမ်းဆီးခဲ့ပြီး ၇ ဦးလုံးမှာ တောင်ကြီးမြို့ပေါ် ရပ်ကွက်များတွင် နေထိုင်ကြ သည်ဟု ဆိုသည်။
ဖမ်းဆီးခံရသူများနှင့် နီးစပ်သူ တစ်ဦးက “လပြည့်နေ့ ဘုရားဖူးသွားမယ်ဆိုပြီး သွားကြတာပေါ့လေ။ ဂိတ် ရောက်တော့ အားလုံးက လူငယ်တွေဆိုတော့ ဖုန်းတွေ ဘာတွေ အကုန်စစ်ပြီး ဖမ်းခေါ်သွားတာ” ဟု ပြောသည်။
စစ်ကောင်စီတပ်များမှာ ဖမ်းဆီးထားသော်လည်း အသိပေးခြင်း မရှိသေးသောကြောင့် မိသားစုဝင်များမှာ လူပျောက် ကြော်ငြာခဲ့ရပြီး ပြီးခဲ့သည့် ရက်ပိုင်းများကမှ တပ်တွင်း သတင်းပေးများ၏ သတင်းပေးမှုဖြင့် ဖမ်းဆီးခံထားရကြောင်း သတင်းရခဲ့သည်ဟု နီးစပ်သူများက ပြောသည်။
ဖမ်းဆီးခံရသူများမှာ အသက် ၁၈ နှစ် ဝန်းကျင်အရွယ်များ ဖြစ်ကြပြီး အမျိုးသမီး တစ်ဦး ပါဝင်သောကြောင့် စစ်ကြောရေးတွင် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ကြုံတွေ့ရမည်ကိုလည်း မိသားစုဝင်များက စိုးရိမ်ပူပန်နေကြ သည်။
မိသားစုဝင်နှင့် နီးစပ်သူ တစ်ဦးက “အကုန်လုံးက ချမ်းသာကြတယ်။ ပအိုဝ်းတွေပဲဆိုတော့ မိဘတွေက PNO လူကြီးတွေနဲ့ ညှိနှိုင်းခိုင်းမယ်လို့ ကြားတယ်။ ဖုန်းထဲ ဘာမှ မတွေ့ရင်တော့ ပိုက်ဆံနဲ့ ပြန်ရွေးလို့ ရမှာပါ” ဟု ပြော သည်။
စစ်ကောင်စီတပ်များသည် လူငယ် ၇ ဦး၏ ဖုန်း၊ ဆိုင်ကယ်နှင့် ငွေကြေးများကို သိမ်းဆည်းထားပြီး စံကားမြို့မှာ ကရင်နီဒေသနှင့် ထိစပ်နေသောကြောင့် PDF များထံ သွားသည်ဟု စွပ်စွဲ၍ ဖမ်းဆီးသည်ဟု PNA နှင့် နီးစပ်သူများက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း၌လည်း တောင်ကြီးမြို့ရှိ ဘား၊ ကလပ်များတွင် ပျော်ပါးနေသည့် လူငယ်များကို ရဲအုပ် နေလင်းဦးမှ မူးယစ်ဆေး အကြောင်းပြကာ ဖမ်းဆီးမှုများရှိခဲ့ပြီး ငွေကျပ် သိန်းဆယ်ချီပေး၍ မိသားစုဝင် များက ပြန်ရွေးခဲ့ရသည်ဟု မြို့နေပြည်သူများက ဆိုကြသည်။