ဘော်လခဲတွင် စစ်ကောင်စီ၏ ရိက္ခာတင်ကား မိုင်းဆွဲခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ မေလ ၉ ရက်။
ကရင်နီပြည်၊ ဘော်လခဲမြို့နယ်၊ ထူးချောင်းကျေးရွာရှိ စစ်ကောင်စီတပ်၏ ထူးချောင်းစခန်း အနီးတွင် ရိက္ခာ တင်ဆောင်လာသည့် ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရသည်ဟု ရှေ့တန်းမြေပြင် သတင်းအရင်းအမြစ်များက ပြောသည်။
ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ- KNPLF)၊ ကရင်နီတပ်မတော် (KA)နှင့် ဘော်လခဲ PDF တို့က စစ်ကောင်စီ၏ ရဟတ်ယာဉ်ကို ပစ်ချသည့် မေလ ၆ ရက်နေ့တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ဘော်လခဲ PDF ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက “ကျနော်တို့ နယ်မြေရှင်းလင်းရေး သွားပြီးတော့ လုပ်တဲ့ ချိန်မှာ သူတို့ အရင် ရောက်တာပေါ့နော်။ ရောက်တဲ့ချိန်မှာ ကျနော်တို့ ဆန်အိတ်တွေ ပွနေတာတွေ တွေ့တယ်၊ သွေးစတွေ တွေ့တယ်၊ သူတို့ ထိခိုက်ဒဏ်ရာရတဲ့ အနေအထားတွေ တွေ့တယ်၊ တွေ့တော့ ဒီနေရာက ကျနော်တို့ ထောက်ထားတဲ့ သတင်းအရ ဆိုလို့ရှိရင် ဘောလခဲနဲ့ ထူးချောင်းကို စစ်ကောင်စီက ရိက္ခာပို့နေတဲ့ လမ်းကြောင်း ပေါ့၊ အဲ့လမ်းကြောင်းက ပြည်သူတွေသုံးတဲ့ လမ်းမဟုတ်ဘူးပေါ့နော်၊ အဲ့ဒါနဲ့ ကျနော်တို့က အဲ့နားမှာပဲ ထပ် ထောင်ခဲ့တဲ့ မိုင်းကို ထပ်နင်းမိတာပါ” ဟု ပြောသည်။
ဒရုန်းမှတ်တမ်း အတည်ပြုချက်အရ စစ်ကောင်စီ၏ ကားတစ်စီးနှင့်အတူ ရိက္ခာများ ပျက်စီးဆုံးရှုံးခဲ့သော်လည်း လူထိခိုက်မှု အခြေအနေမှာ စုံစမ်းနေဆဲဖြစ်ပြီး မြေပြင် သတင်းအရင်းအမြစ်များက ၅ ဦးထက်မနည်း သေဆုံး နိုင်သည်ဟု ခန့်မှန်းကြသည်။
“လေယာဥ်ပျက်ကျပြီးမှ နောက်ထပ် ဖြစ်တာကျတော့ ရိက္ခာကားပေါ့၊ ထူးချောင်းစခန်းဖက်ကို သွားတဲ့ စစ်ကောင်စီရဲ့ ရိက္ခာကားပေါ့၊ အဲ့ကားက ကျနော်တို့ ထောင်ထားတဲ့ မိုင်းကို နင်းမိတာပေါ့။ ဒရုန်းနဲ့ ဓာတ်ပုံရ ထားတဲ့ ပုံပဲ ရှိတယ်၊ အသံကြားတာပေါ့ဗျာ၊ ပွန်ချောင်းရဲ့ အရှေ့ဖက်ခြမ်းမှာ ရှိနေတဲ့ ရွာသားတွေက အသံတော့ ကြားတယ်၊ မိုင်းအသံ ဖြစ်မယ်ထင်တယ်၊ ရွာနဲ့ကတော့ လှမ်းတယ်၊ ချောင်းတချောင်း ခြားနေတာပေါ့၊ အဲ့လို မျိုးနဲ့ ဖြစ်မယ်ထင်တယ်ပေါ့နော်၊ ကျနော်တို့ အဲ့ဒီပုံတွေ ရလိုက်တယ်၊ ကားပက်လက်လှန်နေတဲ့ ပုံတွေ အကုန် လုံး ရလိုက်တာပေါ့” ဟု ဘော်လခဲ PDF ပြန်ကြားရေး တာဝန်ရှိသူက ဆက်ပြောသည်။
ပြီးခဲ့သည့် ဧပြီလကလည်း ထူးချောင်းစခန်းအနီးတွင် စစ်ကောင်စီ၏ ရိက္ခာတင်ကားဖြစ်သည့် Canda ကား တစ်စီးအား ကရင်နီမဟာမိတ် တော်လှန်ရေး အင်အားစုများက မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှု များစွာရှိခဲ့သည်ဟု ဘော်လခဲ PDF တာဝန်ရှိသူများက ဆိုသည်။
ဘော်လခဲမြို့နယ်တွင် စစ်ကောင်စီတပ်များမှာ ပြီးခဲ့သည့်လအတွင်း စခန်းပေါင်းများစွာ လက်လွှတတ် ဆုံးရှုံးခဲ့ရ သည်ဖြစ်ရာ လတ်တလောတွင် ထူးချောင်း၊ မက်စလောင်းတောင်၊ ဘောလခဲဗျူဟာ စသည့်စခန်း ၃ ခုသာ ကျန် ရှိပြီး မြေပြင်လမ်းကြောင်းများမှာ မကြာခဏ ခြုံခိုတိုက်ခိုက်ခံနေရသောကြောင့် စစ်ကူနှင့် ရိက္ခာများအား လေ ကြောင်းမှ ပို့ဆောင်နေရသည်ဟု မြေပြင်စစ်ရေး ဖော်ဆောင်သူများက ပြောသည်။