ညောင်ပင်ကွင်းရွာတပ်ရင်းမှ ထွက်လာသည့် စစ်ကောင်စီတပ် ခြုံခိုတိုက်ခိုက်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ မေလ ၁၉ ရက်။
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာ အခြေစိုက်တပ်ရင်းမှ ထွက်ခွာလာသည့် စစ်ကောင်စီတပ် ခြေလျင် စစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ခဲ့သည်ဟု တောင်ပံနီပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။
ညောင်ပင်ကွင်းကျေးရွာ အခြေစိုက် ခမရ – ၅၆၁ တပ်ရင်းမှ ခြေလျင်ထွက်ခွာလာသည့် အင်အား ၁၀၀ ဝန်း ကျင်ပါ စစ်ကောင်စီ စစ်ကြောင်းမှာ လယ်တောင်ယာကျေးရွာ အနီးရှိ (ဒေသအခေါ် ) မကျည်းကုန်းကျေးရွာ အနီးတွင် မေလ ၁၈ ရက်နေ့၊ နံနက် ၁၁ နာရီခွဲအချိန်ခန့်က တိုက်ခိုက်ခံရခြင်း ဖြစ်သည်။
တိုက်ခိုက်ခဲ့ချိန်တွင် စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ခြင်းကြောင့် နှစ်ဖက်ပစ်ခတ်မှု ၁၀ မိနစ်ခန့် အကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သားတစ်ဦး ပွဲချင်းပြီးသေဆုံး သွားကြောင်း ခြုံခိုတိုက်ခိုက်ရာတွင် ပါဝင်ခဲ့သူတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
တောင်ပံနီအဖွဲ့ တာဝန်ရှိသူတစ်ဦးက “စစ်ကြောင်း ထွက်လာတာကို သတင်းရလို့ ကြိုတင်စောင့်ပြီး တိုက်ခိုက် လိုက်တာပါ။ တစ်နေရာကိုပြောင်း ရွှေ့ဖို့ ထင်ပါတယ်။ တပ်မိသားစုဝင်တွေလည်း ပါလာတာလည်း တွေ့ရတယ်” ဟု ပြောသည်။
ခြုံခို ပြောက်ကျား တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များဘက်မှ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ဆိုသည်။
မေလ ၁၃ ရက်နေ့ နှင့် ၁၄ ရက်နေ့တို့တွင် သိန္ဓောကျေးရွာ စစ်ကောင်စီတပ်စခန်းမှ ညောင်ပင်ကွင်းကျေးရွာ တပ် ရင်း ခမရ – ၅၆၁ ဆီသို့ ဦးတည် ထွက်ခွာလာသည့် စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့များက သုံးကြိမ်ဆက်တိုက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု မြိတ် ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၁) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့ကလည်း တနင်္သာရီမြို့ဆေးရုံမှ လယ်တောင်ယာကျေးရွာသို့ ပြန်လာသည့် သူ နာပြု ဆရာမတစ်ဦးနှင့် ခင်ပွန်းဖြစ်သူတို့ စစ်ကောင်စီပစ်သည့် လက်နက်ကြီးကျည် ထိမှန်ကာ ဒဏ်ရာ အပြင်း အထန် ရရှိခဲ့ပြီး မြိတ်မြို့စစ်ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ရသေးသည်။