ရေတပ်မှ ထွက်လာသည့် အိမ်စီးကားအား မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား နှစ်ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်။
မောရဝတီ ရေတပ်ဌာနချုပ်မှ အိမ်စီးကားနှင့် ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရပြီး အရာရှိ အပါအဝင် ၂ ဦးသေဆုံးသွားသည်။
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ မောရဝတီရေတပ်ဌာနချုပ်မှ ကလိန်အောင်ဘက်သို့ အိမ်စီးကားနှင့် ထွက်လာ သည့် စစ်ကောင်စီတပ်ကား မိုင်းဆွဲတိုက်ခိုက်ခံရပြီး အရာရှိ အပါအဝင် ၂ ဦး သေဆုံးသွားကြောင်း ဒေါနတပ်ခွဲ – ၇ (DDT) တပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
DDT တပ်ဖွဲ့ (၇) မှ ပြန်ကြားရေး တာဝန်ရှိသူက “စစ်ကောင်စီရေတပ်က အရာရှိတွေက စရဖတွေနဲ့ အတူ အိမ်စီး ကား ပါရာဒိုနဲ့ ထွက်လာတာ။ ကံပေါက် – ကလိန်အောင် လမ်းပိုင်းမှာ မိုင်းဆွဲလိုက်တာပါ။ ထိချက်မှန်ပြီး လမ်း ဘေး ရေမြောင်းထဲကို ထိုးကျ တိမ်းမှောက်သွားခဲ့တယ်။ အရာရှိတစ်ဦးနဲ့ တပ်ကြပ်ကြီးတစ်ဦးတို့ နေရာမှာ ပွဲ ချင်းပြီး သေသွားတယ်။ ဒဏ်ရာရတဲ့သူက ၂ ယောက်ရှိတယ်” ဟု ပြောသည်။
မောရဝတီရေတပ်မှ ထွက်ခွာလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ဘက်ရေးရာ ထောက်လှမ်းရေးအဖွဲ့ (စရဖ) တို့ လိုက်ပါလာသည့် ပရာဒို (Prado) ကားကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက ဇူလိုင်လ ၂၂ ရက်နေ့၊ နံနက်ပိုင်းတွင် မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
တိုက်ခိုက်မှုကို ဒေါနတပ်ခွဲ – ၇ (DDT)၊ ဒေါနတပ်ခွဲ – ၆ (ဝေဟင်တပ်ဖွဲ့) နှင့် မဟာမိတ်များ ဖြစ်ကြသည့်
KAWTHOOLEI ARMY (ကော်သူလေး အာမီ)၊ ကလိန်အောင် အခြေစိုက် ရွှေဘီလုံးတပ်ဖွဲ့တို့မှ မိုင်းဆွဲ ပစ်ခတ် တိုက် ခိုက်ခဲ့ခြင်း ဖြစ်သည်။
တိုက်ခိုက်မှုအတွင်း အပြန်အလှန် ပစ်ခတ်မှု ၁၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် ၂ ဦး သေဆုံးပြီး ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေး မဟာမိတ် ပူးပေါင်းတပ်များဘက် မှ အထိအခိုက်မရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း DDT တပ်ဖွဲ့ (၇)မှ ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။
နှစ်ဖက်ကြား ပစ်ခတ်မှု ဖြစ်နေစဥ်အတွင်း ကံပေါက်ရေကန် တောင်ပေါ် ရှိ စစ်ကောင်စီတပ်မှ လက်နက်ကြီးများ ဖြင့် ပစ်ခတ်ကူညီမှုများ ပြုလုပ်ခဲ့သည့်အပြင် ကံပေါက်ဘက်မှ စစ်ကားကြီး နှစ်စီးနှင့် အင်အား ၆၀ ခန့်ဖြင့် စစ်ကူလိုက်လာသောကြောင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ပြန်လည်ဆုတ်ခွာလာခဲ့ရကြောင်း ဆိုသည်။
ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ အကြား အချိန်မရွေး ပစ်ခတ်မှုများ ဖြစ်ပေါ် လာနိုင်သည့် အတွက် ခရီးသွားလာသူများ အနေဖြင့် စစ်ရေးသတိဖြင့် သွားလာကြပါရန် နှင့် ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း ခရီးသွားလာခြင်း မပြုကြရန် ပူးပေါင်းတပ်ဖွဲ့များက အသိပေးထုတ်ပြန်ထားသည်။